အကြီးစားပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အရေးပေါ်ဆေးကုဖို့အခက်ကြုံနေ

ပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့က စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ဖို့ မိုင်းထုတ်လုပ်ရင်းအကြီးစား ပေါက်ကွဲမှု့ ဖြစ်စဥ်မှာ ထိခိုက်ခဲ့ရတဲ့ ယောဧရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၄ဦးအနက် ၂ဦးက အရေးပေါ် ဆေးကုဖို့လိုအပ်နေတယ်လို့ သက်ဆိုင်ရာအဖွဲ့ကပြောပါတယ်။
 
ပေါက်ကွဲမှုမှာ ယောဒေသတောင်ပိုင်း ယောဧရာ(က.ပ.စ) အမှတ်စဥ်(၄) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Y-A-Y) ( Y.A.Y People Defense Force ) လက်နက်ထုတ်လုပ်ရေးအဖွဲ့က အုပ်ချုပ်သူတဦး၊ရုံးအဖွဲ့မှတစ်ဦးအပါအဝင်ရဲဘော်လေး ဦးဒါဏ်ရာရရှိခဲ့တာဖြစ်ပြီး မီးလောင်ဒါဏ်ရာတွေအပါအဝင် နားထိခိုက်တာတွေကိုပါဆိုးဆိုးဝါးဝါးခံစားနေရတယ်လို့ဆိုပါတယ်။
 
“နှစ်ယောက်ကတော့သက်သာပြီ ၊ကျန်တဲ့နှစ်ယောက်မှာတယောက်ကနားတဖက်မကြားရတော့ဘူးတဖက်ကလဲ ပြည်ယိုနေတယ် ။တယောက်ကတော့ လက်တွေကွေးလို့ဆန့်လို့မရဘူး ဒီကဆရာဝန်တွေကလဲ ကုလို့ရပေမယ့်ဆေးဝါးပစ္စည်းမစုံတော့ သူတို့လဲစိတ်မကောင်းတဲ့ကြားကပဲထိုင်ကြည့်နေရတဲ့အခြေအနေဖြစ်နေတယ်”လို့ ယောဧရာ က.ပ.စ အမှတ်(၄)ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာတာဝန်ခံ ရွှေဧရာက DNA ကိုပြောပါတယ်။
 
လက်ရှိမှာတော့ ဒါဏ်ရာပြင်းထန်နေတဲ့ ရဲဘော် နှစ်ဦးအတွက် ခွဲစိတ်ကုသမှုပြုလုပ်ရန်လိုအပ်‌နေပြီး အကူအညီတောင်းခံတာတွေပြုလုပ်ပေးနေတယ်လို့လဲသိရပါတယ်။
 
အာဏာသိမ်းစစ်တပ်ကို တော်လှန်ဖို့လက်နက်ခဲယမ်းတွေထုတ်လုပ်ရင်း မတော်တဆ ဖြစ်ပွားမှု ကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရတာတွေနဲ့ အသက်အန္တာရယ်ဆုံးရှုံးရတာတွေလည်း အာဏာသိမ်းကာလတလျောက်မကြာခဏဖြစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ထုတ်ပြန်ပြောကြားချက်တွေအရသိရပါတယ်။