တနေ့တာ ထူးခြားသတင်းများ

ဇန်နဝါရီ၊ ၁၇

#အပစ်ရပ်သဘောတူညီချက်တွေကိုလိုက်နာကြဖို့ဝအဖွဲ့တိုက်တွန်း

#ပလက်ဝနဲ့ထိစပ်နေတဲ့အိန္ဒိယနိုင်ငံထဲစစ်ကောင်စီတပ်ဖွဲ့ဝင်သုံးရာနီးပါးထွက်ပြေးပြန်

#မင်းပြားမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအပြင်းအထန်လုပ်နေ

#နတ်သံကွင်းတိုက်ပွဲမှာစစ်ကောင်စီတင့်ကားနှစ်စီးနဲ့သံချပ်ကားတစီးဖျက်းဆီးနိုင်ခဲ့တယ်လို့KNUပြော

#အိမ်ခြေနှစ်ရာကျော်မီးရှို့ခံထားရတဲ့ညောပြင်ရွာခံတွေအကူအညီလိုအပ်နေ

#မွန်ပြည်သစ်ပါတီဥက္ကဌဟောင်းနိုင်ထောမွန်ရောဂါနဲ့ကွယ်လွန်

#ဧရာဝတီတိုင်းမှာဆန်စပါးဈေးနှုန်းထပ်တက်လာ

ဒီကနေ့ ဇန်နဝါရီ (၁၇)ရက်မှာ ရရှိတဲ့ တနေ့တာ သတင်းဖြစ်ရပ်တွေထဲကထူးခြားတဲ့သတင်းတချို့ကို DNA ကစုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ အပစ်ရပ်သဘောတူညီချက်တွေကို လိုက်နာကြဖို့ “ဝ”အဖွဲ့တိုက်တွန်း

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား နှစ်ဖက် သဘောတူညီမှုရရှိထားတဲ့ အပစ်ရပ် ကတိကဝတ်တွေကို အဖွဲ့အားလုံးက လိုက်နာကြဖို့ “ဝ”တပ်ဖွဲ့ UWSA က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ဟာ တရုတ်နိုင်ငံကူမင်းမြို့မှာ  ပြုလုပ်တဲ့ သုံးကြိမ်ဆွေးနွေးပွဲ အတွင်း ဇန်နဝါရီ ၁၁ရက်မှာ ရှမ်းမြောက်ဒေသအတွင်း နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူညီခဲ့ကြတာပါ။

အဲ့ဒီသဘောတူညီချက်ကို လက်နက်ကိုင်အဖွဲ့တွေအားလုံးလိုက်နာကြဖို့မျှော်လင့်တယ်လို့ “ဝ”အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ “ဝ”အဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကDNAကိုအတည်ပြုပေမယ့် အသေးစိတ်ဖြေကြားတာတော့မရှိပါဘူး။

လတ်တလောမှာ “ဝ”တပ်ဖွဲ့က ကျိုင်းတုံမြို့ကို ဝင်ရောက်တိုက်ခိုက်မယ်ဆိုပြီး လှုမှုကွန်ရက်ပေါ်မှာ မမှန်မကန် ရေးသားဖော်ပြမှုတွေပျံ့နှံ့နေတာကြောင့် “ဝ”တပ်ဖွဲ့အနေနဲ့ လက်မှတ်ရေးထိုးထားတဲ့ငြိမ်းချမ်းရေး သဘောတူ ညီချက်တွေကို လိုက်နာသွားမယ်လို့လည်း ရှင်းလင်းထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ နေ့စဉ်သတင်းထုတ်ပြန်ချက်တွေမှာတော့ အပစ်ရပ်ပြီးနောက် ဇန်နဝါရီ ၁၂ရက်က ကျောက်မဲမြို့မှာ နှစ်နာရီကြာ တိုက်ပွဲဖြစ်ခဲ့တာနဲ့ ကိုးကန့်ဒေသအတွင်းမှာ လက်ကျန်စစ်ကောင်စီတပ်က ချောင်း မြောင်းတိုက်ခဲ့တာစတဲ့နှစ်ဖက် ထိတွေ့တိုက်ပွဲတွေရှိခဲ့တယ်လို့ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီး၊လေကြောင်းပစ်ခတ်မှုတွေလည်း မနေ့ကအထိ ဆက်လုပ်နေဆဲပဲလို့ ဆိုထားပြီး စစ်ကောင်စီဟာ အပစ်ရပ်သဘောတူညီချက်ကိုချိုးဖောက်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဝေ ဖန်ထားတာပါ။

စစ်ကောင်စီကတော့ အပစ်ရပ်သဘောတူညီချက်ကိုချိုးဖောက်ပြီးတိုက်ခိုက်မှုတွေလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက် တွေကို ငြင်းဆိုထားပါတယ်။

၂။ ပလက်ဝနဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါးထွက်ပြေးပြန်

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်လောင်တလိုင် ခရိုင်ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦး ဒီကနေ့ ညနေပိုင်းမှာ ထွက်ပြေးဝင်ရောက်လာကြတယ်လို့ အိန္ဒိယဘက်ကသတင်း တွေမှာဖော်ပြပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ညနေလေးနာရီဝန်းကျင်မှာ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာ ကြတာ ဖြစ်ပြီး  အိန္ဒိယနယ်ခြားစောင့်အာဏာပိုင်တွေက ထိန်းသိမ်းထားတယ်လို့ မီဇိုရမ်ပြည်နယ် အခြေ စိုက် Changhma Times ကဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲက ဘန်ဒို့ဘာန်းရွာကိုရောက်ရှိလာကြ တာ ဖြစ်ပြီး အာသံရိုင်ဖယ်တပ်ဖွဲ့ဆီ လက်နက်ချခိုလှုံခဲ့ကြတယ်လို့ ဒေသတွင်းသတင်းဌာန တခုဖြစ်တဲ့ The Lawngtlai Post ကလည်းဖော်ပြထားပါတယ်။

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာသုံးနိုင်ငံ ထိစပ်ဒေသဖြစ်တဲ့ ပလက်ဝ မြို့နယ်ကို ရခိုင့်တပ်တော် AA နဲ့ ပူး ပေါင်း တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့နောက်ပလက်ဝဒေသအခြေစိုက် စစ်စခန်းတွေက စစ်ကောင် စီတပ်ဖွဲ့ဝင် ရာနဲ့ချီ အိန္ဒိယနိုင်ငံထဲထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

ဒီကနေ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦး နယ်စပ်ဖြတ်ကျော်ရောက်ရှိသွားတဲ့ လောင်တလိုင်ခရိုင်ဟာ ပလက်ဝ မြို့နယ်နဲ့ အိန္ဒိယနိုင်ငံအစပ် မြန်မာနိုင်ငံဘက်ကနောက်ဆုံးရွာ မြိတ်ဝရွာအနီးက ဒေသဖြစ်ပါတယ်။

နှစ်နိုင်ငံနယ်စပ်အနီးတိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ဆန်းပိုင်း နှစ်လအတွင်း အိန္ဒိယ နိုင်ငံထဲ ထွက်ပြေးခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁၆ဦးရှိခဲ့တယ်လို့ အိန္ဒိယကြည်းတပ် ဦးစီး ချုပ်က ဇန်နဝါရီ ၁၁ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတခုမှာပြောထားပါတယ်။

၃။ မင်းပြားမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအပြင်းအထန်လုပ်နေ

မြို့ပေါ်တပ်ရင်း သုံးရင်းနဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံနေရတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမှာ စစ်ကောင်းစီတပ်က ဂျက်ဖိုက်တာ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေသုံးပြီး  တနေ့လုံးနီးပါး ဆက်တိုက်ပစ်ခတ်ကာ အပြင်းအထန်ခု ခံနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မင်းပြားမြို့နဲ့ ကပ်လျက်၊ မြို့ရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်းတွေနဲ့ မြို့အနောက်ဘက်တောင်တန်းကျိန်းတောင်ပေါ်ရှိ တပ်စခန်းတွေကို  ရက္ခိုင့်တပ်တော်(AA)က ဇန်နဝါရီ ၁၀ ရက် ကစပြီး ထိုးစစ်ဆင်၊ တိုက်ခိုက်နေတာပါ။

စစ်ကောင်စီတပ်ဟာ မင်းပြားမြို့ပေါ်နဲ့ မြို့အနီးပတ်လည်ရှိ လူနေကျေးရွာတွေကို လေကြောင်း၊ လက်နက် ကြီး တွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး အရပ်သားထိခိုက်မှု ရှိနေသလို နေအိမ်အများအပြားလည်း မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင်း မင်းပြားမြို့ပေါ် ဦးစိုးတင့်ရပ်ကွက်၊ မင်းဘာ ကြီးရပ်ကွက်တို့နဲ့ မြို့အနီးရှိ ငတန်ပျင်းရွာ၊ ဆင်ကြီးပြင်ရွာတို့မှ နေအိမ်အများအပြားလည်း မီးလောင်ကျွမ်းခဲ့ရ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင့်တပ်တော်AA ဟာ မင်းပြားအပြင် ရသေ့တောင်မြို့ပေါ်တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေပါ တယ်။ ဒါ့အပြင် ပေါက်တော၊ ရမ်းဗြဲ၊ မြောက်ဦးမြို့တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

၄။ နတ်သံကွင်းတိုက်ပွဲမှာစစ်ကောင်စီတင့်ကားနှစ်စီးနဲ့သံချပ်ကားတစီးဖျက်ဆီးနိုင်ခဲ့တယ်လို့KNUပြော

ပဲခူးတိုင်း နတ်သံကွင်းမြို့မှာ စစ်ကောင်စီရဲ့ တင့်ကားနဲ့ သံချပ်ကာကားတွေပါတဲ့ ယာဉ်တန်းကို အခုလဆန်းပိုင်း ကတိုက်ခိုက်ခဲ့ပြီး တင့်ကားနှစ်စီးနဲ့ သံချပ်ကားတစီးပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီက နေ့ထုတ်ပြန်အသိပေးပါတယ်။

လမ်းမတခုအပေါ်မှာ စစ်ကောင်စီတပ်သား နှစ်ဆယ်ဝန်းကျင်လောက် လဲကျသေဆုံးနေကြပြီး သံချပ်ကာကား တစီး လမ်းဘေးထိုးကျနေတဲ့ ဓာတ်ပုံမှတ်တမ်းတချို့ လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ပျံ့နှံ့နေခဲ့ တာပါ။

အဲ့ဒီဓာတ်ပုံထဲက တိုက်ပွဲဖြစ်စဉ် တစိတ်တပိုင်းကို KNU က ဒီကနေ့ ထုတ်ပြန်အသိပေးလာတာဖြစ်ပါတယ်။ နတ် သံကွင်းမြို့ဘက်ကို ပဲနွယ်ကုန်းဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက တင့်ဖျက်မိုင်းတွေထောင်ပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတင့်ဖျက်မိုင်းတွေထဲက သုံးလုံးဟာ ဇန်နဝါရီ လေးရက်၊ငါးရက်နဲ့ ခြောက်ရက်တို့မှာ သုံးရက်ဆက်ပေါက်ကွဲခဲ့ တယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တင့်ဖျက်မိုင်းပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီရဲ့ တင့်ကားတစီး ထိခိုက်ပြီးပက်လက်လန်သွားသလို သံချပ်ကာ ကားကတော့ ရှေ့ပိုင်းတခုလုံး ပျက်စီးသွားကာ အဲ့ဒီကားနှစ်စီးလုံးကို စစ်ကောင်စီက ပဲနွယ်ကုန်းမြို့ထဲကို ကရိန်း ကားနဲ့ဆွဲယူသွားခဲ့ရတယ်လို့ မျက်မြင်ဒေသခံတွေကို  ကိုးကားပြီး KNU ကဖော်ပြပါတယ်။

ဒါ့အပြင် နတ်သံကွင်းမြို့အနီးက ညောင်ဝိုင်းကျေးရွာအနီးမှာလည်း တင့်ကားပျက်တစီးရောက်နေကြောင်း ဒေသခံ တွေဆီကသိရတယ်လို့ဆိုပါတယ်။ဒါကြောင့် စစ်ကောင်စီစစ်ကြောင်းထဲက တင့်ကားနှစ်စီးနဲ့ သံချပ်ကာကားတစီး ပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်တာဖြစ်ပါတယ်။

KNU ရဲ့ အုပ်ချုပ်နယ်မြေ ခရိုင်ခုနစ်ခုလုံးမှာ လတ်တလော နေ့စဉ်တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေပေမယ့် စစ်ရေးသတင်းအချက်အလက် လုံခြုံရေးအရ သတင်းတွေကို အချိန်နဲ့တပြေးညီမထုတ်ပြန် တာလို့လည်း ရှင်းပြထားပါတယ်။

၅။ အိမ်ခြေ နှစ်ရာကျော် မီးရှို့ခံထားရတဲ့ ညောပြင်ရွာခံတွေ အကူအညီလိုအပ်နေ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နှစ်ကြိမ်ဝင်ရောက် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် နှစ်ရာကျော် ပျက်စီးဆုံးရှုံးထားတဲ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာက ရွာခံတွေ အကူအညီ လိုအပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူလကအိမ်ခြေသုံးရာထက်မနည်းရှိပြီး ဆယ်လအတွင်း နှစ်ကြိမ်တိုင် မီးရှို့ခံလိုက်ရတာကြောင့် အိမ်ခြေနှစ်ရာ လောက် ပျက်စီးသွားတဲ့နောက် ညောပြင်ရွာခံတွေဟာလတ်တလော စား၊ဝတ်၊နေ၊ရေးအတွက် အလှူရှင်တွေကို အားထားနေရတယ်လို့ဆိုပါတယ်။

လောင်းလုံးမြို့ရဲ့ တောင်ဘက် မိုင်သုံးဆယ်ခန့်အကွာ ကပ္ပလီပင်လယ်ပြင်နဲ့ ကပ်လျက်ရှိတဲ့ ညောပြင်ရွာထဲကို ဇန် နဝါရီ ၈ ရက်၊ ညနေပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၉၈ လုံးကို ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းကလည်း စစ်ကောင်စီတပ်တွေ အဲ့ဒီရွာကို အလားတူ မီးရှို့ခဲ့တာကြောင့် နေအိမ်တရာကျော် ပျက်စီးခဲ့ပါသေးတယ်။

ရွာခံအများစုက ပင်လယ်ပြင်မှာ တပိုင်တနိုင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ပြီး အသက်မွေးကြတဲ့ ညောပြင်ရွာမှာ ဒေသ တွင်း နာမည်ကျော် ဖိုးဖိုးကျောက်ကမ်းခြေရှိပြီး အာဏာမသိမ်းခင်ကတော့ လာရောက်လည်ပတ်သူတွေနဲ့ ပုံမှန် စည်ကားခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီး တနှစ်လောက်အကြာမှာတော့ ရွာနဲ့ ငါးမိုင်ခန့်အကွာ ကျောက်နီမော်ရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ရွာထဲကို မကြာခဏ ဝင်ရောက်လာပြီး ရွာခံတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်လာတာကြောင့် ရွာခံတချို့ ထားဝယ်မြို့ပေါ်နဲ့ တခြားနေရာတွေမှာ ပြောင်းရွှေ့နေထိုင် နေကြပါတယ်။

၆။ မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း နိုင်ထောမွန် ရောဂါနဲ့ကွယ်လွန်

မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း နိုင်ထောမွန်ဟာ ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက် (မြန်မာစံတော်ချိန်) မနက် ၆ နာရီခွဲလောက်က ထိုင်းနိုင်ငံ စံခလပူရီဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေ က ပြောပါတယ်။

ဝါရင့်လက်နက်ကိုင် တော်လှန်ရေးသမားဖြစ်သူ နိုင်ထောမွန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီဖြစ်တယ် လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ထောမွန်ရဲ့ ရုပ်အလောင်းကို မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်း ကျေးရွာကို သယ်ဆောင်သွားပြီး ဇန်နဝါရီလ ၂၁ ရက်မှာ ဈာပနအခမ်းအနား ကျင်းပမယ်လို့ မိသားစုနဲ့ နီးစပ် သူတွေက ပြောပါတယ်။

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ဇာတိ နိုင်ထောမွန်ဟာ ၁၉၆၅ ခုနှစ်မှာ မွန်ပြည်သစ်ပါတီကို ဝင်ရောက်ခဲ့ပြီး ဆက်သွယ်ရေးတပ်သားကနေ တာဝန်အဆင့်ဆင့်ဆက်လက် ထမ်းဆောင်ကာ မွန်ပြည်သစ်ပါတီ ပြန်လည် ပေါင်း စည်းရေးကာလ ၁၉၈၇ ခုနှစ်မှာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ရဲ့ စစ်ဦးချုပ် အဖြစ် ခန့်အပ်ခံ ခဲ့ရပါတယ်။

အဲဒီနောက် ၂၀၀၃ ခုနှစ်မှာ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌနဲ့ ဗဟိုစစ်ကော်မတီ ဥက္ကဌဖြစ်လာခဲ့ပြီး ၂၀၀၅ ခုနှစ် မှာ မွန်ပြည်သစ်ပါတီရဲ့ လေးဦးမြောက် ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရပါတယ်။

၂၀၂၀ ခုနှစ်၊ မွန်ပြည်သစ်ပါတီ ၁၀ ကြိမ်မြောက် ညီလာခံမှာတော့ ကျန်းမာရေးအခြေအနေအရ ဥက္ကဌတာဝန် က နေ အနားယူခဲ့ပြီး နိုင်ဟံသာကို ပါတီဥက္ကဌတာဝန် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ထောမွန် ပါတီဥက္ကဌတာဝန်ယူနေချိန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို မွန်ပြည်သစ်ပါတီက လက်မှတ် ရေးထိုးခဲ့ပါတယ်။

၇။ ဧရာဝတီတိုင်းမှာ ဆန်စပါးဈေးနှုန်းထပ်တက်လာ

ဧရာဝတီတိုင်း အတွင်းက အဓိက ဆန်စပါး ဈေးကွက်ဖြစ်တဲ့ ပုသိမ် မြောင်းမြ ဖျာပုံ ဆန်စပါးဈေးကွက်တွေမှာ ဆန်စပါး ရောင်းဝယ် ဈေးနှုန်းတွေ ထပ်တက်လာတယ်လို့ ဒေသခံ ဆန်စပါး ရောင်းဝယ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လအတွင်း ဆန်စပါးဈေး ရုတ်တရက် တဟုန်ထိုး မြင့်တက်ခဲ့သလို လက်ရှိဇန်နဝါရီလ ဒုတိယ ပတ်ကစလို့ ဆန်စပါးဈေး ထပ်လာတယ်လို့ ဆိုပါတယ်။

ရွှေသွယ်၊ ပခန်း၊ ရက်ကိုးဆယ် ၊မနှောသုခ ၊ မိုးရေဆင်း စတဲ့ ဆန်ကြမ်း အုပ်စုရော တောင်ပျံ အပါအဝင် ရွှေဘို ၊ ဧရာတီ၊ ဖျာပုံ၊ ဥတို၊ ရေကြည် ၊ပေါ်ဆန်ယဉ် စတဲ့ ပေါ်ဆန်းဆန် (ဆန်ချော) အုပ်စုဝင် ဆန်တွေအားလုံး ဈေးထပ် တက်လာတာပါ။

ဆန်ကြမ်း အုပ်စုဝင် ဖြစ်တဲ့ ရွှေသွယ်၊ ပခန်း၊ ရက်ကိုးဆယ်၊ မနှောသုခ၊ မိုးရေဆင်း စတဲ့ ၂၄ ပြည်ဝင် ဆန်တ အိတ် ကို ၅၀၀၀ ကျပ်နဲ့ ဆန်ချောအုပ်စုဖြစ်တဲ့ တောင်ပျံ အပြန် အပါအဝင်၊ ရွှေဘို ၊ ဧရာတီ၊ ဖျာပုံ၊ ဥတို၊ ရေကြည် စတဲ့ ပေါ်ဆန်း ဆန်တွေကလည်း ၂၄ ပြည်ဝင် တအိတ် ကို ၆၀၀၀ကျပ် အထိ ဈေးထပ်တက်တာပါ။

ဒါ့အပြင် စပါးဈေးမှာလည်း ဆန်ကြမ်း စပါးက ဒီဇင်ဘာလအတွင်းက တင်းတရာကို ကျပ် ၁၉ သိန်း ရှိရာ က တင်း တရာကို ကျပ် ၂၇ သိန်း အထိ မြင့်တက်လာပြီး ဧရာဝတီတိုင်းကထွက်တဲ့ ဆန်ချောအုပ်စု ပေါ်ဆန်းစပါး အမျိုမျိုး ကတော့ ဒီဇင်ဘာလ အတွင်းက တင်းတရာ ကို ၂၈ သိန်း ရှိရာက တင်းတရာကို ကျပ် ၃၆ သိန်းအထိ မြင့်တက်  လာပါတယ်။

အခုလို ဆန်စပါးဈေး ထပ်မံမြင့်တက်လာတာဟာ နွေစပါး စိုက်ပျိုးဖို့အတွက် လိုအပ်တဲ့ စက်သုံးဆီ အလုံအ လောက်မရဘဲ မှောင်ခိုဈေးမှာနှစ်ဆ တက်နေတာ၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဈေး၊ စိုက်ပျိုးရိတ်သိမ်းခ၊ လုပ်သားခ နဲ့ တခြားစားသောက်ကုန် လူသုံးကုန်ပစ္စည်း ဈေးနှုန်းတွေ သုံးဆ နဲ့အထက် ဈေးတက်လာတာတွေကြောင့် ဖြစ်တယ် လို့ ဆန်စပါး စိုက်ပျိုးထုတ် လုပ်တဲ့ လုပ်ငန်းရှင်တချို့က ပြောကြပါတယ်။