ပလက်ဝနဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါးထွက်ပြေးလာပြန်

ဇန်နဝါရီ၊ ၁၇

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်လောင်တလိုင်ခရိုင်ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦး ဒီကနေ့ ညနေပိုင်းမှာ ထွက်ပြေးဝင်ရောက်လာကြတယ်လို့ အိန္ဒိယဘက်ကသတင်း တွေမှာဖော်ပြပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ညနေလေးနာရီဝန်းကျင်မှာ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာကြတာ ဖြစ်ပြီး  အိန္ဒိယနယ်ခြားစောင့်အာဏာပိုင်တွေက ထိန်းသိမ်းထားတယ်လို့ မီဇိုရမ်ပြည်နယ် အခြေစိုက် Changhma Times ကဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မီဇိုရမ်ပြည်နယ် လောင်လိုင်ခရိုင်ထဲက ဘန်ဒို့ဘာန်းရွာကိုရောက်ရှိလာကြ တာ ဖြစ်ပြီး အာသံရိုင်ဖယ်တပ်ဖွဲ့ဆီ လက်နက်ချခိုလှုံခဲ့ကြတယ်လို့ ဒေသတွင်းသတင်းဌာန တခုဖြစ်တဲ့ The Lawngtlai Post ကလည်းဖော်ပြထားပါတယ်။

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာသုံးနိုင်ငံ ထိစပ်ဒေသဖြစ်တဲ့ ပလက်ဝ မြို့နယ်ကို ရခိုင့်တပ်တော် AA နဲ့ ပူးပေါင်း တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့နောက်ပလက်ဝဒေသအခြေစိုက် စစ်စခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ အိန္ဒိယနိုင်ငံထဲထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

ဒီကနေ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦး နယ်စပ်ဖြတ်ကျော်ရောက်ရှိသွားတဲ့ လောင်တလိုင်ခရိုင်ဟာ ပလက်ဝ မြို့နယ်နဲ့ အိန္ဒိယနိုင်ငံအစပ် မြန်မာနိုင်ငံဘက်ကနောက်ဆုံးရွာ မြိတ်ဝရွာအနီးက ဒေသဖြစ်ပါတယ်။

မြိတ်ဝရွာအနီးမှာ စစ်ကောင်စီရဲ့ စစ်စခန်း၊အိန္ဒိယကားလမ်းလုံခြုံရေးစခန်းနဲ့ ပွိုင့် ၃၇၇ ဗျူဟာကုန်းတွေရှိပြီး အဲ့ဒီစခန်းတွေအပါအဝင် ပလက်ဝမြို့ပေါ်စခန်းတွေနဲ့ ဒေသတခုလုံးကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ ရခိုင့်တပ်တော် AA က ဇန်ဝါရီ ၁၄ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပလက်ဝဒေသအတွင်းက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်ဗျူဟာကုန်းနှစ်ခုထဲက ခန်ခတောင်ဗျူဟာစခန်းကို ဇန်နဝါရီ ၁၃ရက်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ အဲ့ဒီဗျဟာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အိန္ဒိယနိုင်ငံ ထဲထွက်ပြေးသွားကြတယ်လို့ AA ကပြောထားပါတယ်။

ဒီကနေ့ အိန္ဒိယနိုင်ငံထဲ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘယ်စခန်းမှာအခြေစိုက်ခဲ့တဲ့ တပ်ဖွဲ့တွေဆို တာတော့မသိရသေးပါဘူး။

နှစ်နိုင်ငံနယ်စပ်အနီးတိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ဆန်းပိုင်း နှစ်လအတွင်း အိန္ဒိယ နိုင်ငံထဲ ထွက်ပြေးခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁၆ဦးရှိခဲ့တယ်လို့ အိန္ဒိယကြည်းတပ် ဦးစီးချုပ်က ဇန်နဝါရီ ၁၁ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတခုမှာပြောထားပါတယ်။

နယ်စပ်ဒေသက တိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့ စခန်းသိမ်းတိုက်ပွဲဖော် ဆောင်မှုတွေကြောင့် တဖက်နိုင်ငံထဲ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အိန္ဒိယအစိုးရနဲ့ စစ် ကောင်စီတို့ညှိနှိုင်းပြီး ပြည်တွင်းကို ပြန်လည်ခေါ်ဆောင်လာလေ့ရှိပါတယ်။