ရေးအခြေစိုက်တပ်ရင်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

ဇန်နဝါရီ၊ ၁၇

မွန်ပြည်နယ် ၊ရေးမြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ)၁၀၆ ကို ဒီကနေ့ ဇန်နဝါရီ ၁၇ ရက် ၊မနက် ၆ နာရီခန့်က ရေးဘီလူးအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာ ရှိတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က DNA ကို ပြောပါတယ်။

“တပ်ရှေ့ဂိတ်ကို ဝင်ပစ်တာ။ အထဲဘက်တွေရော လက်နက်ကြီးတွေရော လက်နက်ငယ်တွေရောပဲ သုံးတယ်။ တပ်တွင်းမှာ ထိတာရှိတယ်” လို့ သူက ပြောပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းဘေး  မော့ကနင်ကျေးရွာအခြေစိုက်တဲ့ အဲဒီတပ်ရင်းကို  ရေးဘီလူးအဖွဲ့တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ မိနစ် ၂၀ ကြာ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှု  ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က လေးဦးသေဆုံးကာ တပ်တွင်းက တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်တာ ရှိတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုခဲ့ပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိပါဘူး။

ရေးမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးကတော့ ” ထိခိုက်တာမျိုးရှိတာပဲ ကြားတာ။အကျအဆုံးတော့ သေချာမသိသေးပါဘူး” လို့ ပြောပါတယ်။

ဒါပေမယ့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ခလရ- ၁၀၆ တပ်ရင်းထဲ လူနာတင်ကားတွေ ဝင်သွားတာ မြင်တွေ့ခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လူနာတင်ကား အဲဒီရှေ့ရပ်နေတာတွေ့တယ်။ တိုက်ပွဲဖြစ်တော့ ဒဏ်ရာရတဲ့သူတွေကို သယ်တာ ဖြစ်မယ်ထင်တာပဲ။အဲနားတဝိုက်က ထုံးစံအတိုင်း စစ်ဆေးတာမျိုး ရှိတာပေါ့” လို့ အဲဒီဒေသခံက ပြောပါတယ်။

အဲဒီတပ်ရင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

ပစ်ခတ်မှုအတွင်း ရေးဘီလူးအဖွဲ့ကအထိအခိုုက်မရှိ  ပြန်လည်ဆုတ်ခွာလာချိန် မော့ကနင်းကျေးရွာ ကားလမ်းမဘေးက စစ်ဆေးရေးဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။

“စစ်သားတွေတော့ မရှိဘူး။ ဝန်ထမ်းတွေတော့ ရှိတယ်။ သူတို့ကို ဘာမှမလုပ်ခဲ့ဘူး။ ဂိတ်ကိုတိုင်းမီးရှို့ပြီး ပြန်ထွက်လာတာ” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ရေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံအခြေစိုက်တပ်ရင်း၊ ရဲစခန်းတွေအပါအဝင် ကင်းပုန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးအင်အားစုဘက်က မကြာမကြာ သွားရောက်တိုက်ခိုက်လေ့ရှိနေတာပါ။