အုတ်ဖိုမြို့ ဂမုန်းဆည်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

 

ဇန်နဝါရီ၊ ၁၇

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ  ဂမုန်းဆည်ရှင်းလင်းရေးဆိုပြီး တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီစစ်သား သုံးဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

ဝိုင်းဆည်ရွာရဲစခန်းကနေ စစ်ကောင်စီတပ်သား ငါးဆယ်ကျော်လောက်က ဂမုန်းဆည်မှာ လာရောက်တပ်စွဲနေတာ ဖြစ်ပြီး ဒေသခံတွေက အကြောင်းကြားတိုင်တန်းခဲ့တာကြောင့် ဇန်နဝါရီလ ၁၆ ရက်၊ မနက် ၇ နာရီခန့်မှာ အခုလိုသွားရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 တော်လှန်ရေးတပ်ဖွဲ့တွေကနေ အဲ့ဒီ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းကွင်းထဲကိုမျှားခေါ်ကာ လက်နက်ကြီး လက်နက်ငယ်များနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၄၅ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့တပ်တွေ ဟန်ပြတပ်ဆုတ်သွားတာကို သူတို့ စိတ်ထဲမှာ တော်လှန်ရေးအဖွဲ့တွေ သူတို့ကိုကြောက်သွားပြီ ထင်ပြီးအတင်းအနောက်က ဖိလိုက်တာ။ မိုင်းကွင်းထဲဝင်ရော ဆော်တော့တာပဲ”လို့ မြေအောက်ပြောက်ကြားတပ်ဖွဲ့-အုတ်ဖို ကျားကြီးစစ်ကြောင်းက တာဝန်ခံဗိုလ်တောက်တဲ့ကပြောပါတယ်။

အဲဒီလို ‌ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဟာလဲကျသေဆုံးသူတွေနဲ့ ဒဏ်ရာရစစ်သားတွေကို သယ်ပြီး ဆုတ်ခွာထွက်ပြေးသွားချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေကအဲ့ဒီ့ စစ်ကောင်စီတပ်သားတွေရဲ့ အထိုင်ချရာ ဝိုင်းရဲစခန်းထိ လိုက်လံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့လိုလိုက်လံပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်ကင်းကင်း ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ သေဆုံး၊ ဒဏ်ရာရတဲ့ အရေအတွက်တွေကိုတော့ DNAအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

 ဒါ့အပြင် အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ကျည်ဘောက် နှစ်ခု၊ ကျည်ဆန်အတောင့်လေးဆယ်၊ လေးခွ တလက်နဲ့ စစ်အသုံးဆောင် ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရမိသေးတယ်လို့လည်း သိရပါတယ်။

“အဲ့နယ်မြေက ကျနော်တို့စိုးမိုးနယ်မြေလို့တောင် ပြောလို့ရတယ်။အဲ့တာကို ဒီကောင်တွေတက်လာတော့ခံသွားရတာပေါ့”လို့ ဗိုလ်တောက်တဲ့ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ရက်ကလည်း ဂမုန်းဆည်နားမှာရှိတဲ့ ကျေးရွာတွေမှာ ပြည်သူ့စစ်သင်တန်းအတွက် လူသစ်စုဖို့လာတဲ့စစ်ကောင်စီတပ်နဲ့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံသုံးဆယ်ကျော်ကို ကယ်ထုတ်ခဲ့ပါသေးတယ်။