ဖယ်ခုံ၊ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်သား တဆယ့်ငါးဦးသေဆုံး

ရှမ်း၊ ကယားထိစပ်ရာနေရာဖြစ်တဲ့ ဝေါရီကောခူကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ရက်နေ့ကစပြီးဖြစ်ခဲ့တဲ့ တိုက်ပွဲမှာစစ်ကောင်စီဘက်က ၁၅ဦးသေဆုံးသလို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဘက်က ၁ဦးကျဆုံးပြီး ၂ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ 

KNDF ဖယ်ခုံက ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ရက်နေ့ ညပိုင်းက လွိုင်ကော်ကနေ ဖယ်ခုံမြို့နယ်မိုးဗြဲဘက်ကို စ်စကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဖယ်ခုံတော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲစဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ရှမ်း၊ ကယားထိစပ်ရာနေရာဖြစ်တဲ့ ဝေါရီကောခူကျေးရွာအနီးမှာ

ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က ရွာထဲကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး ပစ်ခတ်မှုာ့  အသက် ၄၀ ဝန်းကျင်ဒေသခံအမျိုးသမီးတဦးဒဏ်ရာရခဲ့သလို  ဝမ်းနည်းခြင်းမယ်တော်သခင်ကက်သလစ်ဘုရားကျောင်း အပါအဝင်လူနေအိမ် ၁၀လုံးကျော်ပျက်စီးခဲ့တဲ့အကြောင်း ကရင်နီပြည်နယ်လူငယ့်အစည်းအရုံး(UKSY)က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း အဲဒီရွာက ဒေသခံတွေဟာ နီးစပ်တဲ့ တောတောင်တွေထဲနဲ့ ရှမ်း၊ ကယားနယ်စပ်ဘက်ကို ညတွင်းချင်း စစ်ရှောင်နေရတယ်လို့လည်း စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၂ ရက်ကစပြီး ကရင်နီဒေသကမြို့နယ်လေးခုကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်မှတ်ခဲ့ပြီးနောက်စစ်ဘေးရှောင်စခန်းနေရာတွေအပေါ် လက်နက်ကြီးပစ်ခတ်တာ​နဲ့လေကြောင်းတိုက်ခိုက်တာတွေပိုမိုလုပ်ဆောင်လာတယ်လို့ကရင်နီစစ်ရှောင်အရေးကူညီနေသူတွေကပြောပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းထားတဲ့ ၂နှစ်တာကာလအတွင်း ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၀၀ ကျော်ရှိခဲ့သလို ဒေသခံ ၂သိန်းကျော်ဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၂ရက်ကစပြီး ဒီးမော့ဆို၊ ဘော်လခဲ၊ ရှားတောနဲ့ ဖရူဆိုမြို့နယ်တွေကိုစစ်ရေးအုပ်ချုပ်ရေးဆိုင်ရာဒေသအဖြစ်စစ်ကောင်စီကသတ်မှတ်ထားပါတယ်။