မင်းတပ်တိုက်ပွဲမှာ စစ်အုပ်စုဘက်က ၂၀ကျော်သေပြီး လက်နက်တွေပါ ရရှိခဲ့တယ်လို့ CDF ထုတ်ပြန်

၁၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

မင်းတပ်ဒေသ တိုက်ပွဲမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ဆုံးမှုများခဲ့သလို လက်နက်တွေလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ မင်းတပ်မြို့နယ်ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF)က မနေ့ညက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၅ရက်ကနေ ၁၈ရက်အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲအခြေအနေတွေကို မင်းတပ် CDFက ထုတ်ပြန်ခဲ့တာပါ။

“ဒီ လေးရက်တာတိုက်ပွဲမှာ CDF-Mindat က ကျဆုံး မရှိ။ ဒဏ်ရာရသူ အနည်းငယ်သာရှိပြီး ရန်သူ့ လက်နက်တွေ ရလိုက်တယ်။ ၁၆ မိုင်စခန်းကို ပြန်သိမ်းလိုက်နိုင်တယ်။ စကစတွေဘက်က အနည်းဆုံး ၂၀ ကျော် ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားနဲ့ နောက်ဆုတ်သွားခဲ့တယ်” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မင်းတပ် CDF ရဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ စစ်အုပ်စုတပ်ဆီက သိမ်းဆည်းရရှိထားတဲ့ လက်နက်ခဲယမ်း တွေရဲ့ ဓာတ်ပုံကိုလည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက မင်းတပ်မြို့ပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ထောက်ခံကြောင်း ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့တာက အစပြုပြီး မင်းတပ် CDFနဲ့ စစ်အုပ်စုကြား တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

တစ်လခွဲကျော်အတွင်း တိုက်ပွဲ ၂၀ကြိမ်ကျော်ဖြစ်ပွားပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် ရာနဲ့ချီသေဆုံးခဲ့သလို CDF ၂၀ကျော်လည်း ကျဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် မင်းတပ်မြို့ခံတွေ စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။

နောက်ပိုင်းမှာ နှစ်ဖက်ညှိနှိုင်းပြီး ဇွန်လ ၂၃ရက်က စလို့ ယာယီအပစ်ရပ်ခဲ့ကြပေမဲ့ ဇူလိုင်လမှာ အပစ်ရပ် ပျက်ပြယ်ပြီး တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။