ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း သထုံနဲ့ ဘားအံကိုရောက်ရှိ၊ KNU ကို ထိုးစစ်ဆင်မှုနဲ့ပတ်သက်တယ်လို့ဆို

၂၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ မွန်ပြည်နယ်သထုံအခြေစိုက် တပ်မ ၄၄ မှာရောက်ရှိနေပြီး စစ်ဆင်ရေးကွပ်ကဲမှုဆောင်ရွက်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အရာရှိတစ်ဦးက ပြောပါတယ်။

သထုံမှာနေပြီး စစ်ဖက်ရေးရာကွပ်ကွဲမှုကို သူဦးဆောင်မယ်လို့ သတင်းရရှိတယ်လို့ KNU တပ်မဟာ ၁ က ဗိုလ်မှူးကြီးအဆင့်ရှိသူ အရာရှိတစ်ဦးက ပြောပါတယ်။ လက်ရှိမှာလည်း တပ်မဟာ ၁ နယ်မြေတွေမှာ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သူကဆိုပါတယ်။

မွန်ပြည်နယ် ၊ သထုံကို မရောက်လာခင် သြဂုတ်လ ၁၉ ရက်နေ့က ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ကရင်ပြည်နယ် ဘားအံမြို့ကိုသွားရောက်ခဲ့ပြီး

 

စစ်ဆင်ရေးကွပ်ကွဲမှုဆိုင်ရာကိစ္စတွေကို ညွှန်ကြားခဲ့တယ်လို့ ဘားအံမြို့က တပ်မတော်မိသားစုနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။

မြဝတီမြို့ကို KNU နဲ့ PDF တပ်ဖွဲ့တွေက သိမ်းဖို့ဆိုတဲ့သတင်းပေါက်ကြားလာလို့ စစ်အုပ်စုဟာ KNU တပ်မဟာ ၅၊ ၆ နှင့် ၇ ကိုထိုးစစ်ဆင်ဖို့ရှိတယ်လို့ တပ်နဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်က ဆိုပါတယ်။

လက်ရှိမှာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဘက်မှာ စစ်အုပ်စု တပ်အင်အားတွေ အများအပြား ဖြည့်တင်းထားပြီး ဘားအံအခြေစိုက်တပ်မ ၂၂ ဗျူဟာမှူးကိုလည်း နေရာပြောင်းရွေ့လိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒ့ါအပြင် ဘီးလင်းမြို့နယ် စည်းဝေးရွာအနီးရှိ လက်နက်ကြီးကူပစ်အမြောက်တပ်ကလည်း လက်နက်ကြီးတွေတပ်ဆင်ထားပြီးပြင်ဆင်မှုတွေလုပ်နေတယ်လို့သတင်းရရှိကြောင်း ကေအန်ယူတပ်မဟာ ၁ က ဗိုလ်မှူးကြီးအဆင့်ရှိသူက ဆိုပါတယ်။

ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းခရီးစဉ်နဲ့ပတ်သက်ပြီး စစ်အုပ်စုရဲ့ ဝါဒဖြန့်သတင်းစာတွေမှာတော့ ဖော်ပြထားတာမတွေ့ရပါဘူး။

Credit – Salween Press