အခုလအတွင်း မြဝတီနယ်စပ်ကနေဝင်လာတဲ့ ထိုင်းပြန်မြန်မာလုပ်သား ၁၈၀၀ကျော်ရှိ

၁၉၊ ဩဂုတ်လ၊ ၂၀၂၁။

ကရင်ပြည်နယ် မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ထိုင်းပြန်မြန်မာ လုပ်သားတွေကို အခုလကစပြီး ပြန်လက်ခံပေးနေတာဖြစ်ပါတယ်။

သြဂုတ်လ ၁ ရက်နေ့မှစကာ တစ်ရက်ခြား အယောက်၂၀၀နှုန်းနဲ့ လက်ခံပေးနေတာဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့ထိ စုစုပေါင်း ၁,၈၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းပြန်မြန်မာလုပ်သားတွေရဲ့ အချက်အလက်များ ကောက်ယူကာ ကျန်းမာရေးဌာနက ကိုဗစ်ရောဂါ ရှိ မရှိ စစ်ဆေးတာနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေ ပြန်လည်ပို့ဆောင်ပေးတာတွေကို မြဝတီနယ်စပ်က တာဝန်ရှိသူတွေ ဆောင်ရွက်ပေးနေတာပါ။

“ပြန်လာသူတွေထဲက မြဝတီခရိုင်နဲ့ကော့ကရိတ်ခရိုင်က နေရပ်ပြန်တွေကိုတော့ ကိုဗစ်ရောဂါ ရှိ မရှိကို နယ်စပ်မှာပဲ ချက်ချင်း စစ်ဆေးပေးပါတယ်။ ရောဂါပိုးရှိသူတွေကို မြဝတီမြို့ မဲကနယ်ကိုဗစ်စင်တာမှာ ကုသမှု ခံယူစေပြီး ရောဂါပိုးမရှိသူများကို အမှတ် ၄ ရပ်ကွက် ကျောက်လုံးကြီး Quarantine စခန်းမှာ (၁၀)ရက် စောင့်ကြည့်ထားတယ်” လို့ မြဝတီနယ်စပ်မှ နေရပ်ပြန်ကြိုဆိုလက်ခံရေးဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထို့အပြင် အခြားတိုင်းနှင့်ပြည်နယ်တွေကို ပြန်မယ့်သူတွေကိုလည်း မော်တော်ယာဉ်တွေနဲ့ ပို့ဆောင်ပေးပြီး ကိုဗစ်စစ်ဆေးတာနဲ့ ကန့်သတ်စောင့်ကြည့်တာတွေကိုတော့ သက်ဆိုင်ရာပြည်နယ်၊ တိုင်းအလိုင် ဆောင်ရွက်ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိကာလအတွင်း ထိုင်းနိုင်ငံမှ ပြန်လာတဲ့ မြန်မာလုပ်သား အများစုဟာ ခရီးစရိတ် ထိုင်းငွေ ဘတ် ၈၀၀၀ ဝန်းကျင်ခန့် ကုန်ကျမှုရှိပြီး ထိုင်းရဲဆီမှာ ဖမ်းဆီးခံရတဲ့ ပုံစံမျိုးနဲ့ နယ်စပ်ကို ပြန်လာခဲ့ရတယ်လို့ နေရပ်ပြန် မြန်မာလုပ်သားတချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

Credit -KIC