ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၆၀ကို တရက်တည်း ဖမ်းမိ

၂၄၊ နိုဝင်ဘာလ၊ ၂၀၂၁။

ထိုင်းနိုင်ငံ ကန်ချနာပူရီပြည်နယ်ထဲမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသားအဖွဲ့ သုံးဖွဲ့ကို နိုဝင်ဘာလ ၂၃ရက်နေ့က ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Muang နဲ့ Sangkhla Buri စီရင်စုထဲမှာ ဖမ်းမိတာဖြစ်ပြီး စုစုပေါင်း အယောက် ၆၀ ဖြစ်ပါတယ်။

Muang စီရင်စုမှာ ဖမ်းမိသူတွေကတော့ အမျိုးသား ၉ယောက်နဲ့ အမျိုးသမီး ၄ယောက်ဖြစ်ပြီး သူတို့ဟာ ထားဝယ် ၊ မကွေး ၊ ရန်ကုန် ၊ ပဲခူး စတဲ့ဒေသက ဖြစ်ကြပြီး ထိုင်းမှာအလုပ်လုပ်ခွင့်ရဖို့ အလုပ်ပွဲစားတွေကို ဘတ် ၁၇,၀၀၀ ကနေ ၂၅,၀၀၀ ခွဲအထိပေးပြီး အခုလို ရောက်လာလို့ သိရပါတယ်။

ဒုတိယမြောက်အဖွဲ့ကိုတော့ Muang စီရင်စုထဲက ကျေးရွာတရွာအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး စုစုပေါင်း ၃၁ယောက်ပါ ။ သူတို့ဟာလည်း ထားဝယ် ၊ ရခိုင် ၊ မော်လမြိုင် ၊ ပဲခူးက လာကြတာဖြစ်ပြီး ပွဲစားတွေကို တယောက် ဘတ် ၂၀,၀၀၀ ပေးရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးတဖွဲ့ကိုတော့ Sangkhla Buri စီရင်စုအတွင်း စစ်တပ်နဲ့ရဲ ပူးပေါင်းကင်းလှည့်ချိန်မှာ အမျိုးသား ၁၀ယောက်နဲ့ အမျိုးသား ၆ယောက်ကို ဖမ်းမိခဲ့တာဖြစ်ပြီး ပွဲစားကို တယောက် ဘတ် ၁၈,၀၀၀ ပေးပြီး နယ်စပ်ဖြတ်ကျော်ဝင်လာတာလို့ ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းမိတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ရဲတပ်ဖွဲ့လက်ထဲ လွှဲပြောင်းပေးလိုက်ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

Delta News Agency

Read Previous

မန္တလေးမြို့မှာ စျေးဝယ်လာတဲ့ စစ်ကားတစ်စီး ဗုံးပစ်ခံရပြီး ၂ဦးသေ

Read Next

အက်သလက်တီကို လရောင်လျှောက်လမ်းထဲမှာ ဆိုခဲ့တဲ့ ချန်ပီယံလိဂ်တေးသွားတွေ