ထိုင်းနိုင်ငံထဲ  ဝင်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၂၀၀ကျော် ထပ်မံဖမ်းမိ

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

ထိုင်းနိုင်ငံ ၊ ကန်ချနာပူရီပြည်နယ်ထဲမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ အထောက် အထားမဲ့ မြန်မာနိုင်ငံသား ၂၁၀ကျော်ကို မနေ့က ထိုင်းအာဏာပိုင်တွေ ဖမ်းမိခဲ့တယ်လို့ The Nation သတင်းဌာနက ဖော်ပြပါတယ်။

သူတို့ဟာ အမျိုးသား ၁၂၅ယောက်နဲ့ အမျိုးသား ၉၃ယောက် ဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်လမ်းကြောင်းကနေတဆင့် ဝင်ရောက်လာခဲ့ပြီး အလုပ်ရှာပေးမယ်ဆိုတဲ့ ပွဲစားတွေကို တယောက်ကို ဘတ် ၂၅၀၀၀ ကနေ ၂၆၀၀၀ အထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့ကို Covid 19 ရောဂါစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး တရားဥပဒေအရ ဆက်လက်ကိုင်တွယ်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ 

အလုပ်အကိုင်ရှာဖွေဖို့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၂,၈၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ အခုသီတင်းပတ်ထဲမှာ ဖမ်းဆီးခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံသားတွေ ထောင်နဲ့ချီ ဝင်ရောက်လာနေမှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ် Mr. Prayut Chan-o-cha က ညွှန်ကြားထားပါတယ်။