အာဖဂန်ဆန္ဒပြသူတွေကို တာလီဘန်တွေ အကြမ်းဖက်နှိမ်နင်းလို့ သုံးဦးသေဆုံး

၁၉၊ ဩဂုတ်လ၊ ၂၀၂၁။

အာဖဂန်နစ္စတန်နိုင်ငံ ၊ ဂျာလာလာလဘတ်မြို့မှာ ဩဂုတ်လ ၁၈ရက်နေ့က တာလီဘန်ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို တာလီဘန်အဖွဲ့က အကြမ်းဖက်နှိမ်နင်းလို့ သုံးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငကို ပြန်လည်သိမ်းယူပြီး အာဏာခိုင်မြဲအောင် ကြိုးစားနေချိန် တာလီဘန်တွေလက်အောက်မှာ မနေချင်လို့ နိုင်ငံကထွက်ခွာမယ့်လူအုပ်ကိုလည်း အနောက်နိုင်ငံတွေက ကူညီကယ်ဆယ်ပေးနေရပါတယ်။

စစ်ပွဲအဆုံးသတ်ပြီး လက်တုံ့ပြန် အရေးယူတာတွေ လုပ်မှာမဟုတ်ဘူးလို့ တာလီဘန်အဖွဲ့က ကြေညာအပြီး နောက်တရက်မှာပဲ ဂျာလာလာဘတ်မြို့မှာ တာလီဘန်အလံကို ဖြုတ်ချပြီး အာဖဂန်အမျိုးသား အလံကို အစားထိုးလွှင့်ထူခဲ့ ဆန္ဒပြခဲ့တဲ့သူတွေကို တာလီဘန်တပ်ဖွဲ့တွေက လေထဲကို သေနတ်ပစ်ဖောက်၊ ရိုက်နှက် လူစုခွဲခဲ့ကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

သုံးဦးထက်မနည်း သေဆုံးပြီး လူတော်တော်များများဒဏ်ရာတွေရရှိခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ တာလီဘန်အဖွဲ့က တစုံတရာ မှတ်ချက်ပေးတာမရှိသေးပါဘူး။

မနေ့ကပြုလုပ်တဲ့ တာလီဘန်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသမီးတွေဟာ အစ္စလာမ် ဥပဒေမူဘောင်ထဲက အခွင့်အရေးတွေကို ခံစားကြရမယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ တာလီဘန်တွေရဲ့ လက်အောက်မှာ အမျိုးသမီးတွေရဲ့ လွပ်လပ်ခွင့်တွေ ပျက်သုန်းသွားမှာ စိုးရိမ်နေကြပါတယ်။