ကနီမြို့နယ်မှာ စစ်အုပ်စုရဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအကြောင်း AAPP အစီရင်ခံစာ ထုတ်ပြန်

၁၉၊ ဩဂုတ်လ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားပြည်သူတွေအပေါ် လူမဆန်တွေ ကျူးလွန်ခဲ့ရာမှာ ကနီမြို့နယ် တစ်ခုတည်းမှာပဲ ဇူလိုင်လအတွင်းက ပြည်သူ ၄၃ဦး သေဆုံးခဲ့ရတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄ကြိမ်ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)က ဩဂုတ်လ ၁၈ရက်နေ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်အုပ်စုတပ်တွေရဲ့ သတ်ဖြတ်မှုတွေကြောင့် ကနီမြို့နယ်မှာ ဇူလိုင် ၁ရက်က ရုပ်အလောင်း ၄လောင်းကို ပထမအကြိမ်တွေ့ရှိခဲ့ပြီး ဇူလိုင် ၁၁ရက်နဲ့ ၁၂ရက် မှာ ဒုတိယအကြိမ်အဖြစ် ရုပ်အလောင်း ၁၆လောင်းတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဇူလိုင် ၂၆ရက်နဲ့ ၂၇ရက်တွေမှာလည်း စစ်အုပ်စုသတ်ဖြတ် စွန့်ပစ်ခဲ့တဲ့ ရုပ်အလောင်း ၁၂လောင်းကို တတိယအကြိမ်အဖြစ်တွေ့ရသလို ဇူလိုင် ၁၈ရက်မှာ ရုပ်အလောင်း ၁၁လောင်းကို ထပ်တွေ့ခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒေသခံတွေကို စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်နဲ့ ရက်စွဲတွေ၊ ဒေသခံတွေရဲ့ ရုပ်အလောင်းတွေ့ရှိရာ နေရာ၊ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံတွေ နေထိုင်တဲ့ ရွာတွေနဲ့ အသက်အရွယ်တွေကိုလည်း အစီရင်ခံစာမှာ အသေးစိတ်ရေးသားထားပါတယ်။

ရုပ်အလောင်းတွေမှာ ဖမ်းဆီးနှိပ်စက်ပြီး ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်တာတွေ၊ ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းခံထားရတဲ့ လက္ခဏာတွေ တွေ့ရပြီး မျက်နှာနဲ့ လည်ပင်းတွေကို လှီးဖြတ်နှိပ်စက် ညှင်းပန်းထားတဲ့ ဒဏ်ရာတွေကိုပါ တွေ့ရတာဖြစ်တယ်လို့ AAPP ရဲ့အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒါ့အပြင် ဩဂုတ် ၁ရက်မှာလည်း ကနီမြို့ပေါ်က စာသင်ကျောင်းအနီးမှာ ပြည်သူတစ်ဦးက “ မင်းတို့ တွေ ကြောင့် တို့ပြည်သူတွေ သေရတာ” လို့ အော်ဟစ်ခဲ့တာကို စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်၊ လူမဆန်စွာကျူးလွန်မှုတွေဟာ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေပြီး ကနီမြို့နယ် ဖြစ်စဉ်များဟာ တိကျတဲ့ သက်သေအထောက်အထားတွေနဲ့ ပေါ်ပေါက်လာရတာ ဖြစ်တယ်လို့ AAPPက ထုတ်ပြန်ထားပါတယ်။

ဒီလိုဖြစ်ရပ်တွေဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ဆိုးဝါးရက်စက်တဲ့ရာဇဝတ်မှုမြောက်ပြီး မြန်မာပြည်သူ လူထုတစ်ရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စစ်အုပ်စုက အကြီးအကျယ် ခြိမ်းခြောက်နေတာကို သက်သေခံနေတာလို့ AAPPက ဆိုပါတယ်။

စစ်အုပ်စုအနေနဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်ယူ၊ တာဝန်ခံရမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဒီလို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြစ်တင်ရှုတ်ချရမှာ ဖြစ်တယ် ဒါ့အပြင် ထိထိရောက်ရောက် တရားစွဲဆိုရမှာ ဖြစ်တယ်လို့ AAPPက ထုတ်ပြန်ခဲ့ပါတယ်။

ကနီမြို့နယ်က ဖြစ်စဉ်လိုမျိုးအလားတူ ဒီပဲယင်းမြို့နယ်နဲ့ အခြားမြို့တွေမှာ စစ်အုပ်စုက ကျူးလွန်ခဲ့တာကြောင့် အဲဒီ ဖြစ်ရပ်တွေကိုလည်း AAPPက ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။