ဒီပဲယင်းမြို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို မတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီး

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

ဒီပဲယင်းမြို့မှာ ဩဂုတ်လ ၁၈ရက်နေ့ နေ့လည်ပိုင်းက NLDပါတီက လွှတ်တော်ကိုယ်စားလှယ် သုံးဦးရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းအသုံးပြုပြီး ဝင်ရောက်ရှာဖွေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို မတွေ့ရှိတာကြောင့် မိသားစုဝင်တွေကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စိုင်ပြင်ကျေးရွာမှာ ခတ္တနေထိုင်နေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ရဲ့ မိသားစု၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုးနဲ့ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းတို့ မိသားစုဝင်တွေ နေထိုင်ရာ အိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက လွှတ်တော်ကိုယ်စားလှယ်တွေပါရှိနေတယ်လို့ ယူဆပြီး

လာရောက်ရှာဖွေခဲ့ရာမှာ မတွေ့ရှိတာကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ကို မတွေ့ရှိရတာကြောင့် ဦးဝင်းမြင့်အောင်ရဲ့ ဇနီဖြစ်သူ ဒေါ်ခင်အုန်းမြင့်နဲ့ သားဖြစ်သူအပြင် ညီဖြစ်သူ ကိုဆန်းလင်းလည်းကိုဖမ်းဆီးသွားပြီး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းရဲ့ အစ်ကိုဖြစ်သူ ဦးကျော်ဆန်းနဲ့ တူဖြစ်သူတို့ကိုပါ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မိသားစုဝင် (၅)ဦးကို စိုင်းပြင်နယ်မြေရဲစခန်းမှာ ထားရှိထားပြီး ဘာတွေစစ်မေးနေတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒီပဲယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ သူတို့အလိုရှိသူကို ရှာဖွေဖမ်းဆီးရာမှာ မတွေ့ရှိလျှင် မိသားစုဝင်တွေကိုပါ ဖမ်းဆီး နှိပ်စက်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး ရာဇဝတ်မှုတွေကို ကျူးလွန်လေ့ရှိပါတယ်။