ကရင်ပြည်နယ်က ဒီချုပ်ရုံးတွေဆိုင်းဘုတ်ဖြုတ်သိမ်းတာတွေလုပ်ဖို့ စစ်ကောင်စီလျှို့ဝှက်ညွှန်ကြားထားတယ်ဆို

မေ၊ ၁၇
 
ကရင်ပြည်နယ်အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)ပါတီရုံးဆိုင်းဘုတ် ဖြုတ်သိမ်းဖျက်ဆီးတာတွေ လုပ်ဆောင်ဖို့ စစ်ကောင်စီက ယခုရက်ပိုင်းအတွင်းမှာ လျှို့ဝှက်ညွှန်ကြားထားတယ်လို့ ဒီချုပ်ပါတီဝင်တွေထံမှ သိရပါတယ်။
 
“ အခု ရက်ပိုင်းထဲမှာပဲ၊ ပါတီရုံးအားလုံးကို ဖျက်သိမ်းမယ်လို့တော့၊ အကိုတို့ သိထားရတယ်၊ သေချာတယ်၊ အကိုတို့သိရတာက သူတို့က စီမံချက်နဲ့ လုပ်နေတဲ့ပုံစံပေါ့၊ သေချာတဲ့ အရင်းအမြစ်ကနေ သိထားရတယ်။ မြို့နယ်ရုံးတွေရော၊ ရပ်ကွက်/ကျေးရွာရုံးတွေက အစ ဖျက်ဆီးမယ်ပေါ့၊ အဲလိုပေါ့နော် ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ကော့ကရိတ်မြို့က ဒီချုပ်ပါတီဝင်တဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံမတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။
 
အဲ့ဒီနောက်ပိုင်းမှာရန်ကုန်က ကမာရွတ်မြို့နယ်ရုံး၊ မန္တလေးတိုင်းရုံး၊ ပုသိမ်ကြီးမြို့နယ်ရုံး၊ တောင်သာမြို့နယ်ရုံး၊ ဧရာဝတီတိုင်းက ဟင်္သာတနဲ့ ဇလွန်မြို့နယ်ရုံးနဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရုံးနဲ့ ရပ်ကွက်ဖြုတ်သိမ်းဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
 
ကရင်ပြည်နယ်အနေနဲ့ ကြည့်မယ်ဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကော့ကရိတ်မြို့နယ်ရုံးတခုကို မှန်ရိုက်ခွဲတာတွေ၊ မိုင်းခွဲတာတွေ၊ ပစ္စည်းတွေ ဖောက်ထွင်းခိုးယူတာတွေ သုံးကြိမ်ခန့် လုပ်ဆောင်ထားပေမယ့် ကျန်တဲ့မြို့နယ်ရုံးတွေကိုတော့ စစ်ကောင်စီ ဖျက်ဆီးတာတွေ မရှိသေးဘူးလို့ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေထံက သိရပါတယ်။
 
“ သူတို့လက်ခုပ်ထဲက ရေဆိုတော့ သူတို့သွန်ချင်သွန်မယ်၊ မှောက်ချင်မှောက်မယ်ဆိုတဲ့ ပုံစံမျိုးတော့ သူတို့တွေ စလုပ်ခဲ့တာပေါ့၊ ဒါပေမယ့် သူတို့ဒီလိုမျိုး ကြေညာပြီးနောက်ပိုင်းမှာ မှတ်ပုံတင် တင်ခြင်း၊ မတင်ခြင်းရဲ့ နောက်ဆက်တွဲ နောက်ပိုင်းမှာထပ်ဖြစ်တဲ့ ဟာတွေက စိတ်ကို မဝင်စားတာလေ၊ တရားမဝင်တဲ့အဖွဲ့အစည်းကနေ မတရားအာဏာယူထားတဲ့ အဖွဲ့အစည်းကနေပြီးတော့ တရားမဝင်ပါဘူးဆိုပြီး ကိုယ့်ပါတီကို ပြောလာတာ ဂရုစိုက်စရာအကြောင်းမရှိဘူး ” လို့ လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ ဒီချုပ်ပါတီဝင်၊ ကရင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါ်နန်းသူဇာဝင်းက ပြောပါတယ်။
 
ဒါ့အပြင် ကရင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ဒီချုပ်ပါတီဝင်တွေ၊ CDM ဝန်ထမ်းတွေ၊ လူမူကူညီရေးအသင်းဝင်တွေနဲ့ ပြည်သူတချို့ကို စစ်ကောင်စီတပ်က ယခုလအတွင်းမှာ ပိုမို ဖမ်းဆီးလာသလို နေအိမ်ချိတ်ပိတ်တာတွေလည်း ရှိလာတယ်လို့ ဘားအံမြို့ခံတဦးက ဆိုပါတယ်။
 
“ ဒီလထဲမှာဆို အဲလိုမျိုးတွေ ဖမ်းခံရတာရှိလာတယ်၊ NLD ပါတီဝင်တွေကအစ တချို့ဆို အိမ်တွေ ချိတ်ပိတ်ခံရတာ၊ အဓိက PDF တွေကို ထောက်ပံ့ပေးနေတယ်ဆိုပြီး၊ ပိတ်လိုက်တာပေါ့၊ တချို့ကျတော့ PDF တွေနဲ့ အဆက်အသွယ်လုပ်တယ်ပေါ့၊ အဲဒီဖမ်းခံရတဲ့သူတွေဆိုရင် တချို့ကတော့ မှန်တယ်၊ တချို့ကတော့ စွပ်စွဲခံရတာတွေလည်း ပါတယ်။ ရှိမှာပေါ့၊ အားလုံးဆို ၁၀ ဦးဝန်ကျင်လောက်၊ မြို့နယ် ၂ ခု၊ ၃ ခုမှာ။ ဧည့်စာရင်းကလည်း တော်တော်လေး ပြန်စစ်လာတယ် ” လို့ ပြောပါတယ်။
 
စစ်ကောင်စီဟာ မဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပါတီဝင် ၁၂၃၅ ဦးကို ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ပါတီဝင် ၂၆ ဦးဟာ စစ်ကြောရေးနဲ့ ထောင်တွင်းမှာ သေဆုံးခဲ့ရသလို အကြောင်းမဲ့သတ်ဖြတ်ခံရတဲ့ ပါတီဝင်လည်း ၆၃ ဦးအထိရှိတယ်လို့ ဒီချုပ်ပါတီက မတ်လ ၂၉ ရက် ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ဒီချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦးအပါအဝင် ပါတီဝင် ၃၇၁ ဦးတို့ရဲ့ နေအိမ်ပိုင်ဆိုင်မှုတွေကိုလည်း ချိတ်ပိတ်သိမ်းဆည်းခံထားရတဲ့အပြင် ၄၇ ဦးရဲ့ နေအိမ်တွေကိုလည်း ဝရမ်းကပ်ခံထားရကာ ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံး တွေလည်း ၁၂၀ ကြိမ် ကျူးကျော်ဝင်ရောက်ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူတဦးကတော့ “ ရုံးတွေ ဖြုတ်သိမ်းဖို့၊ စာကျထားတာကြာပြီ၊ ဒါပေမယ့် အခုဒီရက်ပိုင်းထဲမှာမှ ကျန်ရှိနေတဲ့ ပါတီရုံးတွေအားလုံးကို ကော်မရှင်က ဖျက်သိမ်းလိုက်တဲ့ ပါတီအားလုံးကိုပါ။ ကရင်မှာတော့ စပြီးလုပ်တော့မယ်ပေါ့။ တချို့တွေက ရုံးဆိုင်းဘုတ် ဒီတိုင်းရှိနေသေးတယ်ဆို တော့လေ၊ ဖြစ်နိုင်ရင် နီးစပ်ရာကလူတွေ သွားဖြုတ်သိမ်းလိုက်ရင်၊ ဥပမာ ရပ်ကျေးလိုဟာမျိုးတွေ ပေါ့၊ ဆိုင်းဘုတ်တွေ ဖြုတ်ထားရင်တော့ ပိုကောင်းတာပေါ့၊ အဓိက NLD ပါတီပေါ့ ” လို့ ပြောပါတယ်။ 
ဓာတ်ပုံ – Kayin State NLD