ချောင်းဦးမှာ တစ်ရက်တည်းနဲ့ စစ်သား ၃၆ ဦး မိုင်းထိသေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တစ်ရက်တည်းနဲ့ အကြမ်းဖက်စစ်သား ၃၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေ ၂၄ ရက်နေ့ နေ့ခင်းပိုင်းမှာ ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကွင်းရွာထဲ ဝင်ရောက်လုယက်ပြီးနောက် ချောင်းဦးမြို့တောင်ဘက် အမြင့်လမ်းခွဲကနေ အနောက်ဘက် ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး စုစုပေါင်းအင်အား ၅၀ လောက်ကို မိုင်း ၄ နေရာထောင်ပြီး တိုက်ခိုက်ခဲ့ရာ ၉ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦး PDF က ဒီကနေ့ထုတ်ပြန်ပါတယ်။
သေဆုံးအလောင်းတွေကို ထော်လာဂျီနဲ့တင်ကာ ချောင်းဦးမြို့တွင်းပြန်လာပြီးနောက် မယ်သဲကြိုးကွင်းရွာမှာ ရှိနေတဲ့ ပျူစောထီးတွေနဲ့ ပူးပေါင်းဖို့ ဆက်လက်ထွက်ခွာလာခဲ့တဲ့ အဲဒီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက မိုင်း ၆ နေရာဆင်ပြီး တိုက်ခိုက်ခဲ့ရာ စစ်သား ၂၄ ဦး မိုင်းထိသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ‘မနေ့က အလောင်းတွေ ထော်လာဂျီပေါ်တင်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ မြို့ထဲပြန်လာတဲ့စစ်ခွေးတွေကို တွေ့တယ်။ မနေ့က ရွာဘက်တွေမှာ မိုင်းထိပြီး စစ်သားနဲ့ပျူ ၃၀ ကျော်သေတယ်လို့လည်း မြို့ပေါ်မှာ သတင်းကြီးနေတယ်’ လို့ ဆိုပါတယ်။
အဲဒီနောက် မယ်သဲကြိုးကွင်းရွာကနေ လုယူခဲ့တဲ့ ပစ္စည်းတွေနဲ့ ပျူစောထီးရွာ ကင်းမွန်တော်ဘက် ပြန်ဆုတ်လာတဲ့ အကြမ်ဖက်စစ်အင်အား ၁၅ ဦးလောက်ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ကမိုင်းဆွဲတိုက်ခိုက်မှုကို ချောင်းဦးပကဖ၊ ချောင်းဦး PDF ၊ CDF နဲ့ CMWA အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။