ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှုပြုလုပ်ဖို့ စီစဉ်နေတယ်လို့ အာဖဂန်ယာယီ ပြည်ထဲရေးဝန်ကြီးပြော

၁၅၊ ဩဂုတ်လ၊ ၂၀၂၁။

တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံ တစ်နိုင်ငံလုံးနီးပါးကို ထိန်းချုပ်လိုက်ပြီး မြို့တော်ကဘူးလ်ကိုလည်း ဝိုင်းထားလိုက်ပါပြီ။

ကဘူးလ်မြို့ အမေရိကန်သံရုံးထဲကနေ ဝန်ထမ်းတွေကို အမေရိကန်ဘက်က ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ် ပို့ဆောင်ပေးနေပြီး အာဖဂန်ရောက် ဗြိတိန်နိုင်ငံသားတွေကို ကာကွယ်ဖို့ ယူကေအစိုးရက ဗြိတိန်တပ်သား ၆၀၀ ကျော် စေလွှတ်နေတယ်လို့ သိရပါတယ်။

တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိလ် Suhail Shaheen ရဲ့ ပြောကြားချက်အရ တာလီဘန်တွေအနေနဲ့အာဖဂန်အစိုးရဆီက မကြာခင်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့အာဏာလွှဲယူဖို့ စီစဉ်နေတယ်လို့ သိရပြီး အာဖဂန်အစိုးရရဲ့ ယာယီ ပြည်ထဲရေးဝန်ကြီး Abdul Satar Mirzakwal ရဲ့ ဗီဒီယိုမိန့်ခွန်းမှာလည်း တာလီဘန်တွေကို အေးအေးချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းပေးဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

“မြို့တော်လုံခြုံရေးကို တာဝန်ယူပါတယ်။မြို့တော်နဲ့အာဏာကို တတိယကြားဖြတ်အဖွဲ့တခုကို ယာယီလွှဲပြောင်းပေးထားမှာဖြစ်ပြီး လုံခြုံရေးအတွက်က ကျနော်တို့တာဝန်ပါ” လို့ အာဖဂန် ယာယီပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

လက်ရှိမှာ မြို့တော်ကဘူးလ်က ထွက်ခွာချင်သူတွေကို အကြမ်းမဖက်ပဲ ငြိမ်းငြိမ်းချမ်းချမ်း ထွက်ခွာနိုင်တဲ့ လမ်းကြောင်းတွေ ဖွင့်ပေးထားဖို့ တာလီဘန်အဖွဲ့က သူတို့ရဲ့ တပ်သားတွေကို အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

တာလီဘန်အဖွဲ့ဟာ အချိန်တိုအတွင်းမှာ ပြည်နယ်တော်တော်များများကို လျင်လျင်မြန်မြန်သိမ်းယူနိုင်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ကဘူးလ်မြို့စွန်ကို ရောက်လာခဲ့တာပါ။ ဒီကနေ့ သိမ်းယူခဲ့တဲ့ နယ်မြေတွေထဲမှာ အရင် အမေရိကန်လေတပ်စခန်းဟောင်း ဘက်ဂရမ်လည်း ပါဝင်ပါတယ်။

ဆယ်စုနှစ် ၂ခုကြာ အာဖဂန်စစ်ပွဲနဲ့ အာဖဂန်ကနေ အမေရိကန်တပ်တွေအားလုံး ဆုတ်ခွာမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကြေညာပြီး လပိုင်းအကြာမှာပဲ တာလီဘန်အဖွဲ့က အခုလို ထိုးစစ်ဆင်သိမ်းယူလိုက်တာပဲ ဖြစ်ပါတယ်။