သာပေါင်းမှာ အောက်ဆီဂျင်စက်ရုံတည်ဖို့ဆိုပြီး စစ်အုပ်စုက ပိုက်ဆံတောင်း

၁၇ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

သာပေါင်းမြို့မှာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ဖို့ဆိုပြီး အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကနေ မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ပိုက်ဆံလိုက်လံတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ကျေးရွာ အုပ်စုတစ်စုကို ၁၀သိန်းပေးဖို့ လိုက်တောင်းတယ်၊ အုပ်ချုပ်ရေးမှူးတွေ တာဝန်ခံပြီး ရှာပေးရမယ်ပေါ့၊ အောက်ဆီဂျင်စက်တည်ဆောက်ဖို့ပေါ့၊ လူတွေက အငတ်ဘေးကြုံနေရချိန်မှာ အခုလို ဆက်ကြေးတောင်းတာမျိုးကျ မလုပ်သင့်ဘူး၊ သာပေါင်းမြို့ဆိုတာ မြို့ငယ်လေး မြို့ပေါ်ထက်

ကျေးလက်မှာ လူတွေက ပိုနေကြတာ၊ နွမ်းပါးကြတယ်၊ ကျွန်တော့်ကို လာပြောကြတယ် အုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံလိုက်ကောက်နေတယ်ဆိုတာ”လို့ သာပေါင်းမြို့နယ် ဇာတိဖြစ်ပြီး ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသက်ဦးကပြောပါတယ်။

စက်ရုံတည်ဆောက်ရေးအတွက်ဆိုပြီး တောင်းခံထားတဲ့ ငွေကြေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ကျေးရွာတွေမှာ လောင်းကစားဒိုင်တွေကို တရားဝင်သဖွယ် ခွင့်ပြုပေးပြီးတော့ လိုင်းကြေးရရှိဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။