အင်အားပြင်းဟာရီကိန်းမုန်တိုင်း အမေရိကန်နိုင်ငံကို နာရီပိုင်းအတွင်း ဝင်မယ်

၂၉ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ လူဝီဆီယာနာကို အင်အားအဆင့် ၄ ရှိတဲ့ အိုင်ဒါ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

အဖျက်စွမ်းအင် အဆင့် ၄ ရှိတဲ့ ဒီမုန်တိုင်းသတင်းကြောင့် လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ ပင်လယ်ကွေ့ဒေသတွေမှာ နာရီနဲ့ချီတဲ့ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေရပါတယ်။

ဟာရီကိန်းမုန်တိုင်း အိုင်ဒါဟာ အမေရိကန် ဒေသစံတော်ချိန် တနဂ်နွေညနေပိုင်းမှာ ဝင်ရောက်မှာ ဖြစ်တယ်လို့ ခန့်မှန်းထားပြီး လေကြောင်းခရီးစဥ်တွေကိုလည်း ရပ်နားထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာရဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်း အိုင်ဒါဟာ မစ္စစပီမြစ်ရဲ့ အရှေ့တောင်ဘက် ၁၄၅ မိုင်အကွာမှာ လေတိုက်နှုန်း တစ်နာရီ ၁၀၅ မိုင်နှုန်းနဲ့ တိုက်ခတ်နေခဲ့တာဖြစ်ပြီး ညနေပိုင်းမှာတော့ လူဝီဆီယာနာကို ရောက်လာတော့မှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒေသခံအာဏာပိုင်တွေကတော့ အိုင်ဒါဟာ နှစ်ပေါင်း ၁၇၀ကျော်အတွင်း လူဝီဆီယားနားပြည်နယ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ မုန်တိုင်းထဲမှာ အင်အားအပြင်းဆုံး ဖြစ်လာမယ်လို့ ခန့်မှန်းထားကာ အနိမ့်ဆုံး တစ်နာရီ လေတိုက်နှုန်း မိုင် ၁၄၀ နှုန်း တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။