အောင်လံလွှင့်ချီ နွေဦးထီကို ဩဂုတ်လ ၁၅ရက်နေ့ စရောင်းမယ်

၁၃ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

အမျိုးသားညီညွှတ်ရေးအစိုးရ စီမံကိန်း ၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက ဦးစီးပြီး ဖွင့်လှစ်မယ့် အောင်လံလွှင့်ချီ နွေဦးထီကို ဒီလ ဩဂုတ်လ ၁၅ ရက်နေ့ တနင်္ဂနွေနေ့မှာ စတင် ဖွင့်လှစ်ရောင်းချသွားမယ်လို့ ဝန်ကြီးဦးတင်ထွန်းနိုင်က ကြေညာသွားခဲ့ပါတယ်။

ထီတစောင်ကို နှစ်ထောင်ကျပ်သတ်မှတ်ထားပြီး လူတဦးလျှင် အနည်းဆုံး ၅ စောင် ၊ ကျပ်ငွေ တသောင်းဖိုးကနေ စတင်ပြီး အစောင် ၅၀ ၊ ကျပ်တသိန်းဖိုးအထိ ကံစမ်းနိုင်တယ်လို့ သိရပါတယ် ။

ထီထိုးဖို့ အတွက် NUG အစိုးရရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားတဲ့ လင့်ခ်ကို နှိပ်ပြီး ညွှန်ကြားချက်တွေ အတိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပြီး ထီဖိုးငွေပေးချေရာမှာ လုံခြုံဖို့အတွက် ကိုယ့်ရဲ့ တရားဝင်ဘဏ်အကောင့်တွေကို မရွေးခြယ်ဖို့ အကြံပြုထားပါတယ် ။

ဒါ့အပြင် လုံခြုံမှုရစေဖို့ ထီထိုးသူရဲ့ Signal ဒါမှမဟုတ် Telegram နံပါတ်တွေကိုလည်း ပေးထားဖို့ လိုမှာ ဖြစ်ပါတယ် ။


လစဉ်ထီဖွင့်သွားမှာဖြစ်ပြီး ရရှိတဲ့ စုစုပေါင်း ထီရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM တွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ကာ ၃၀ ရာနှုန်းကို ဆုကြေးအဖြစ် ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထီပေါက်ခဲ့ပါက ဆုငွေကိုယူမှာလား ဒါမှမဟုတ် တော်လှန်ရေးအတွက် ပြန်လည် လှူတန်းမှာလား ဆိုတဲ့ ရွေးခြယ်စရာ အချက်တွေလည်း ပါရှိမှာ ဖြစ်ပြီး တကယ်လို့ ကံထူးတဲ့ ဆုငွေကို ပြန်လှူခဲ့မယ်ဆိုရင်လည်း ဂုဏ်ပြုလက်မှတ်ပြန်လည်ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ် ။