ပင်းတယမီးအိမ်ရှင် ၂ရက်နေ့လွတ်မယ်

၃၁၊ ဇူလိုင်လ၊ ၂၀၂၁ ။

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ နိုင်ငံ့ဝန်ထမ်းတွေအနက် အချို့ကို ဩဂုတ်လ ၂ရက်နေ့မှာ အမှုပိတ်သိမ်း ပြန်လည်လွှတ်ပေးမည့် စာရင်းတွင် ပင်းတယမီးအိမ်ရှင် ပုသိမ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ပါ ပါဝင်ကြောင်း စစ်အုပ်စုလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်မှာ CDMလှုပ်ရှားမှု ဆန္ဒထုတ်ဖော်မှုတွေမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့ဝန်ထမ်း ၂၇ဦးကို အမှုအသီးသီးကနေ ရုပ်သိမ်းပြီးတော့ ဩဂုတ်လ ၂ရက်နေ့မှာ ပြန်လည်လွှတ်ပေးဖို့ စိစစ်ထားတဲ့ စာရင်းမှာ ဆရာကြီး ဒေါက်တာသန်းမင်းထွဋ် ပါဝင်လာတာပါ။

ဆရာကြီးဒေါက်တာ သန်းမင်းထွဋ်နဲ့အတူ မြို့နယ်အသီးသီးက ဆန္ဒပြပွဲတွေနဲ့ CDMလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ပညာရေးဝန်ထမ်းတချို့နဲ့ ကျန်းမာရေးဝန်ထမ်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ကို ပြန်လည်လွှတ်ပေးဖို့ စိစစ်စာမှာ ဖော်ပြထားပါတယ်။

ပြန်လည်လွတ်ပေးဖို့ စိစစ်ထားသူတွေထဲမှာ ပုသိမ်အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာသံတော်ဆင့်သတင်းဌာနက ဦးရဲရင့်ထွန်းတော့ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။