စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ နှစ်သိန်းကျော်လာပြီ

၂၁၊ ဩဂုတ်လ၊ ၂၀၂၁။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်ကစပြီး မြန်မာနိုင်ငံ တလွှားမှာ နေရပ်စွန့်ခွါ ထွက်ပြေးသူ နှစ် သိန်းကျော်နေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

” ဖေဖေါ်ဝါရီလ ၁ ရက် နေ့ကစပြီး တိုက်ပွဲဖြစ်ပွါးတာနဲ့ လုံခြုံမှုမရှိတဲ့အတွက် မြန်မာနိုင်ငံ နေရာအတော်များများမှာ လူပေါင်း ၂၁၀,၀၀၀ ကျော်လောက် အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရပါတယ်။

ဒီအထဲက ထက်ဝက်ကျော်ဟာ နိုင်ငံ့အရှေ့တောင်ပိုင်းဒေသမှာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးရသူတွေဖြစ်ပြီး ဆိုးဝါးတဲ့ လူသားချင်းစာနာမှု အခြေနေကို ကုလသမဂ္ဂဌာနေ အဖွဲ့တွေက စိုးရိမ်နေတယ်”လို့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ လက်ထောက်ပြောခွင့်ရ Eri Kaneko က ဩဂုတ်လ ၂၀ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်တွေက မြန်မာနိုင်ငံမှာ မုတ်သုန်မိုးကြောင့် ရုတ်တရက် ရေကြီးရေလျှံပြီး နိုင်ငံတဝန်း လူပေါင်း ၁၂၅,၀၀၀ ကျော် ဒုက္ခရောက်နေသလို ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေလည်းတိုးနေတယ်လို့ ဆိုပါတယ်။

လူပေါင်း သုံးသန်းလောက်ဟာ တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ သဘာဝဘေးဒဏ်ခံစားရတဲ့အပြင် စားနပ်ရိက္ခာ မလုံမလောက် ဖြစ်နေကြတဲ့အတွက် သူတို့ကို အရေးပေါ်ကူညီဖို့ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာ မှုအကူညီပေးရေး အဖွဲ့တွေက လုပ်ဆောင်နေကြတယ်လို့ ပြောပါတယ်။

ဒါပေမယ့် အခုလို အကူညီပေးဖို့ ကြိုးပမ်းမှုတွေဟာ နိုင်ငံတွင်းလုံခြုံရေးအခြေနေ၊ လမ်းကြောင်း ပိတ်ဆို့တာနဲ့ ကိုဗစ် ကန့်သတ်ချက်တွေ အပါအဝင် နည်းမျိုးစုံနဲ့ နှောက်ယှက်တာ ခံနေရတယ်လို့ လည်း ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေရဲ့ ကယ်ဆယ်ရေးကြိုးပမ်းချက်တွေဟာ နိုင်ငံတကာ စံနှုန်းအတိုင်း လိုက်နာပြီး ဘက်မလိုက်ပဲ ဆောင်ရွက်နေတာဖြစ်ကြောင်းနဲ့ လိုအပ်နေတဲ့ပြည်သူတွေဆီ လူသားချင်းစာနာမှု အဖွဲ့တွေ အနှောက်အယှက်မရှိ သွားနိုင်အောင် လုံခြုံရေး လုပ်ဆောင်ပေးကြဖို့ သက်ဆိုင်တဲ့ အဖွဲ့အားလုံးကို ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။