သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအတွင်းရေးမှုးချုပ်ဆီ မြန်မာ့အရေး အစီရင်ခံစာ ပေးပို့

၂၁၊ ဩဂုတ်လ၊ ၂၀၂၁။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ လက်ရှိမြန်မာနိုင်ငံဆိုင်ရာ အခင်းအကျင်းနဲ့ ပတ်သတ်ပြီး အပတ်စဉ်အစီရင်ခံစာကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီဂူတာရက်စ်ဆီကို ဩဂုတ်လ ၁၉ ရက်နေ့က ပေးပို့ခဲ့ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလ ၆လကျော် ရောက်ရှိလာပေမယ့် ဒီမိုကရေစီလိုလားသူတွေဟာ ပြည်တွင်းရော ပြည်ပပါမကျန် မိမိတို့ရရှာနည်းလမ်းတွေနဲ့ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်နေကြဆဲ ဖြစ်ပြီး တရားမျှတမှု ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက အစီရင်ခံစာအစမှာ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေး ကာလအတွင်း နိုင်ငံတစ်လွှား ကျဆုံးပြည်သူ ၁၀၀၀ နီးပါးရှိလာပြီး ၊ ၆၀၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားဆဲ ဖြစ်တယ် ၊ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အဓိက မြန်မာနိုင်ငံအထက်ပိုင်းမှာ လူပေါင်း ၂သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

မကြာသေးခင်က ရန်ကုန်အင်းစိန်ထောင်နဲ့ မန္တလေးအိုးဘိုထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်းဆန္ဒပြပွဲတွေဟာ အကျဉ်းထောင်အတွင်း ကိုဗစ်ကပ်ရောဂါအန္တရာယ်ကြုံတွေ့နေရဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အကြပ်အတည်းကို ပေါ်လွင်စေတယ်လို့ သံအမတ်ကြီးက မှတ်ချက်ပြုပါတယ်။

နောက်ထပ် ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခုကတော့ ဩဂုတ်လ ၁၀ရက်နေ့က ရန်ကုန်မြို့ ၊ ဗိုလ်တထောင်မြို့နယ် ၊ ၄၄လမ်းကို စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းချိန် လူငယ်တွေ တိုက်ပေါ်က ခုန်ချခဲ့တဲ့ ဖြစ်စဉ်ပါ။ အဲဒီလူငယ်တွေက ထွက်ပြေးဖို့ ကြိုးစားချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်ကို ကိုးကားပြီး သတင်းမီဒီယာတွေက ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်တတိယလှိုင်းကာလအတွင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရလို့ အသက်ပေါင်းများစွာ ဆုံးရှုံးနေရတဲ့ အကြောင်းနဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် လက်ရှိ အငတ်ဘေးပြဿနာရင်ဆိုင်နေရတဲ့ မြန်မာပြည်သူအရေအတွက် နှစ်ဆတိုးလာနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က သတိပေးထားတဲ့ အကြောင်း စတဲ့အချက်အလက်တွေကိုလည်း တင်ပြခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်တည့်မတ်ရေးနဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။