ထိုင်ဝမ်နိုင်ငံသား ၈၀ကျော် မြန်မာနိုင်ငံကနေ ထွက်ခွာ

၁၅၊ ဩဂုတ်လ၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းအတွင်း ကူးစက်သေဆုံးမှုနှုန်း မြင့်တက်လာပြီးနောက် ထိုင်ဝမ်နိုင်ငံသား အယောက် ၈၀ခန့် ဒီနေ့ ဩဂုတ်လ ၁၅ရက်နေ့မှာ စင်းလုံးငှားလေယာဉ်နဲ့ နေရပ်ပြန်ကြမယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံရောက် ထိုင်ဝမ်ရင်းနှီးမြုပ်နှံမှုနဲ့ လုပ်ငန်းရှင်တွေဆိုင်ရာ အဖွဲ့အစည်းတခုက အထူးလေကြောင်း ခရီးစဉ် စီစဉ်ခဲ့တာလို့ CNA သတင်းဌာနက ဖော်ပြပါတယ်။

ထိုင်ဝမ်ဟာ ကိုဗစ်ကပ်ရောဂါအန္တရာယ်အမြင့်မားဆုံးစာရင်းထဲမှာ မြန်မာကို ထည့်သွင်း သတ်မှတ်လိုက်တာကြောင့် နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ်အားလုံးကို ရပ်ဆိုင်းထားတာပါ။

အထူးခရီးစဉ်ကို မြန်မာ့လေကြောင်းလိုင်း (MAI) က ပျံသန်းမောင်းနှင်ပေးမှာဖြစ်ပြီး ခရီးစဉ်မတိုင်မီ ကိုဗစ်ဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ‌ ဖောဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် ၆လအတွင်း နိုင်ငံရေး ပဋိပက္ခတွေ မြင့်တက်လာတဲ့အပြင် စီးပွားရေးကျဆင်းတာနဲ့ ကိုဗစ်ကပ်ရောဂါဘေးပါ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Ref – taiwannews