တရုတ်က KIAကို ကိုဗစ်ကာကွယ်ဆေး တစ်သောင်းပေးမယ်

၂၅ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

တရုတ်နိုင်ငံက ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ကိုဗစ်ကာကွယ်ဆေးလုံးရေ တစ်သောင်းပေးတယ်လို့ KIA ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဇူလိုင်လ ၂၄ ရက်မှာ ပြောပါတယ်။

”KIA က တရုတ်ကို အကူအညီတောင်းတယ်။ တရုတ်ကလည်း ကာကွယ်ဆေးပေးပြီး ကူညီတယ်ပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိအာဏာသိမ်းစစ်အုပ်စုထိန်းချုပ်မှုအောက်မှာ ကိုဗစ်ရောဂါပျံ့ပွားမှု မြင့်တက်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံဆီကနေ ရောဂါကူးစက်မှုတွေ စီးဝင်လာတာကို ရပ်တန့်ဖို့ တရုတ်အစိုးရက ကြိုးစားနေချိန်မှာပဲ KIA ကို ကာကွယ်ဆေးထောက်ပံ့ပေးတာပါ။

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ယူနယ်ပြည်နယ်ထဲမှာ

မြန်မာပြည်ကနေပြန်လာသူ ၁၂ဦးမှာ ကိုဗစ်ရောဂါတွေ့ရှိခဲ့တာကြောင့် ပိုပြီးတင်းကြပ်ထားပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးပေးတာဟာ တရုတ်အစိုးရအနေနဲ့ တရုတ်နယ်စပ်တစ်လျောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဆက်ဆံရေး ထိန်းသိမ်းတဲ့သဘောလည်း ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ပဲ တရုတ်ကိုဗစ်ကာကွယ်ဆေး ၇သိန်းခွဲကျော် ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပြီး တရုတ်နိုင်ငံနဲ့ နယ်စပ်မှာနေထိုင်သူတွေကို ဦးစားပေးထိုးနှံသွားမယ်လို့ အာဏာသိမ်းစစ်အုပ်စုက ပြောခဲ့ပါတယ်။

KIA ထိန်းချုပ်ထားတဲ့ မိုင်ဂျာယန်မြို့နယ်ထဲမှာတော့ ကိုဗစ်ရောဂါကူးစက်သူ ရာကျော်ရှိနေတယ်လို့ သိရပါတယ်။