အဝေဖန်ခံနေရတဲ့ ငပုတောမြို့ အောက်ဆီဂျင်စက်ရုံ

၁၅၊ ဩဂုတ်လ၊ ၂၀၂၁။

ပြည်သူတွေလှူဒါန်းမှုနဲ့ တည်ဆောက်ဖို့ လုပ်ဆောင်နေတဲ့ ငပုတောမြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီကို စစ်အုပ်စုရဲ့ ဦးဆောင်မှုနဲ့ လုပ်ဆောင်စေဖို့ စီမံဆောင်ရွက်နေတာကြောင့် ပြည်သူတွေအကြားမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး အလှူရှင်အများစုဟာ ဆက်လက်လှူဒါန်းခြင်းမပြုတော့တာတွေ ရှိနေပါတယ်။

ပြည်သူဦးဆောင်တဲ့ အောက်ဆီဂျင်စက်ရုံကို အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က နေရာလုယူပြီး စက်ရုံတည်ဆောက်နိုင်ရေးအတွက် ဦးဆောင်အဖွဲ့ကို စစ်အုပ်စုရဲ့ဦးဆောင်မှုနဲ့ ဖွဲ့စည်းပေးခဲ့တာကြောင့် အခုလို ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

 

“စပြီးတော့ တည်ဆောက်ဖို့လုပ်တော့ ကိုယ့်မြို့လေးအတွက် လူ့အသက်တွေ မသေရအောင်ဆိုပြီးတော့ စိန်ပန်းဆရာတော်ကို အမှူးထားပြီးတော့ အများကောင်းမှုနဲ့ တည်ဆောက်ဖို့ အလှူငွေတွေ ကောက်ခံပြီးလုပ်နေတာ၊ စစ်တပ်က ဘာတစ်ခုမှ ဝင်ပြီးတော့ ကူညီခဲ့တာ မဟုတ်ဘူး၊မြေနေရာတွေကအစဗျာ၊ အခု အကောင်အထည်လေး နည်းနည်းပေါ်လာတော့ စစ်တပ်က သူတို့ပဲ လုပ်ပေးနေသလိုလိုနဲ့ ဦးဆောင်ကော်မတီတွေကို သူတို့ကပဲ တာဝန်ယူပြီး ဖွဲ့ပေးသလိုလိုလုပ်တယ်၊ ကော်မတီထဲမှာလဲ စစ်တပ်က လူတွေ ဌာနဆိုင်ရာတွေချည်းပဲ၊ တကယ်ကို စတင်လုပ်ဆောင်ခဲ့သူတွေကို ဖယ်ထားတယ်၊အလှူငွေတွေကိုပါ အပိုင်စီးချင်တဲ့ ပုံစံမျိုး လုပ်လာတော့ အလှူရှင်တွေက ပိုက်ဆံပြန်တောင်းဖို့ပါ လုပ်နေကြပြီ”လို့ ငပုတောမြို့ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကိုဗစ်တတိယလှိုင်းအတွင်း ပြည်သူတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ အောက်ဆီဂျင်ကို လက်နက်သဖွယ်အသုံးချပြီး စစ်အုပ်စုနဲ့ ပက်သက်သူတွေကိုသာ အခွင့်အရေးပေးတာကို လုပ်ဆောင်ခဲ့ပါတယ်။