ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်တဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို KNU ထုတ်ပြန်

၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေထဲက ပြည်သူလူထုတွေအပေါ် အကြမ်းဖက်ဖိနှိပ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စုတပ်ရဲ့ လုပ်ရပ်တွေကို KNU ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနခွဲက ဩဂုတ် ၈ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေဖြစ်ကြတဲ့ ဒူးသထူခရိုင် တပ်မဟာ ( ၁ )၊ တောင်ငူခရိုင် တပ်မဟာ (၂) ၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နဲ့ မူတြော်ခရိုင် တပ်မဟာ (၅)တွေ အတွင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတပ်နဲ့ နယ်ခြားစောင့်တပ်တို့က စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာလို့ KNU လက်အောက်ခံ တပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

ဇူလိုင်လအတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှု ၁၈၀ ကြိမ်ခန့်ဖြစ်ခဲ့ပြီးတော့ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ နယ်ခြားစောင့်တပ်တို့ဘက်က အယောက် ၂၅၀ ခန့် သေဆုံးပြီး ၁၁ ယောက် ထွက်ပြေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ KNU တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်ကျဆုံးမှု အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။

စစ်အုပ်စုတပ်နဲ့ နယ်ခြားစောင့်တပ်တွေဟာ ပြည်သူလူထုတွေရဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သလို ပြည်သူတွေအသုံးပြုတဲ့လမ်းမှာ မိုင်းထောင်တာတွေလည်း လုပ်ခဲ့လို့ အရပ်သား ၆ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ နေအိမ် ၅လုံးကိုလည်း စစ်အုပ်စုတပ်က

 

မီးရှို့ခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ (၁)နယ်မြေက ကျေးရွာတွေကို ခေါ်ယူပြီး အနည်းဆုံး တစ်ရွာတစ်ယောက် စစ်မှု ထမ်းဖို့ စစ်အုပ်စုက ပြောဆိုခဲ့သလို တပ်မဟာ (၂)အတွင်းမှာလည်း ကိုဗစ်ရောဂါ ကာကွယ်ဖို့ ဥယျာဥ်ခြံထဲသို့ သွားရောက်နေထိုင်ကြတဲ့ ပြည်သူတွေကို ခြိမ်းခြောက်ပြီး ဥယျာဥ်ခြံထဲမနေဖို့တားမြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)မှာ အင်းပိုင်တွေကို ခေါ်ယူပြီး အင်းတစ်အင်းကို အခွန် ကျပ်သိန်း ၅၀ ပေးဆောင်ဖို့တောင်းခဲ့သလို အခွန်မပေးဘဲ လုပ်ကိုင်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ KNUက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စည်းကမ်းဥပဒေနှင့်အညီ သွားလာခြင်းမရှိဟုဆိုကာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ တပ်က ပြည်သူလူထု ၇၀ ဦးကို ဖမ်းထားပြီး တစ်ဦးကို ဒဏ်ငွေ ၂၅ သိန်းကျပ် ပေးဆောင်ဖို့ တောင်းဆိုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU တပ်မဟာ ၅ ဒေသမှာတော့ အာဏာသိမ်းစစ်အုပ်စု လေယာဉ်နဲ့ ထောက်လှမ်းမှုတွေ လုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ

 

 

စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် စစ်အုပ်စုတပ်ဟာ KNU တပ်မဟာ(၅)နဲ့ (၃) ဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီ တပ်မဟာနှစ်ခုနယ်မြေမှာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်ပြည်သူ ၇၇,၀၀၀ ကျော် ရှိနေပြီး အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ KNUက ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်တာတွေ လူထုအပေါ် အကြမ်းဖက်ဖိနှိပ်တာတွေ ဆက်လုပ်ရင် KNU အနေနဲ့လည်း လူထုကို အကာအကွယ်ပေးမှုတွေ ဆက်လုပ်သွားရမှာဖြစ်လို့ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားလာ နိုင်တယ်လို့ KNU တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။