ကိုဗစ် ဆေးစစ် kitတွေ စျေးတင်ရောင်းချဖို့ ခွင့်ပြုခဲ့တဲ့ ဗီယက်နမ် ဝန်ကြီးဟောင်းနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ဇန်နဝါရီ ၊ ၁၃

ကိုဗစ်ရောဂါ စစ်ဆေးမှု kitတွေ စျေးတင် ရောင်းချတဲ့ ဖြစ်စဉ်နဲ့ ဆက်စက်ပြီး အဂတိ လိုက်စားခဲ့ကြောင်း စွပ်စွဲချက်နဲ့ ဗီယက်နမ် ဝန်ကြီးဟောင်း နှစ်ဦးကို ထောင်ဒဏ်တွေ စီရင် ချမှတ်လိုက်ပါတယ်။

 ဇန်နဝါရီ ၁၂ ရက်မှာ ဗီယက်နမ် တရားရုံး တခုက ကျန်းမာရေး ဝန်ကြီးဟောင်း ငုယန်သန်လောင်ကို ဒေါ်လာ ၂.၂၅ သန်း လာဘ်စားမှုအတွက် ထောင်ဒဏ် ၁၈ နှစ်၊ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဟောင်း ချုငေါ့အန်းကို ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

 ကပ်ရောဂါ ကာလမှာ ဆေးစစ်တဲ့ kitတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီ တခုက မတန်တဆ စျေးတင် ရောင်းချခဲ့တယ်ဆိုတဲ့ ကိစ္စဟာ ဗီယက်နမ်မှာ အတော်လေး ဂယက်ထစေတဲ့ အရှက်ရစရာ ကိစ္စလည်း ဖြစ်ခဲ့ပါတယ်။ Viet A နည်းပညာ ကော်ပိုရေးရှင်းဟာ ကိုဗစ်ရောဂါ စစ်ဆေးတဲ့ kitတွေကို ထုတ်လုပ် ရောင်းချရာမှာ စျေးနှုန်းတွေ အများကြီး မြှင့်တင်ထားဖို့အတွက် အစိုးရ အာဏာပိုင်တွေကို လာဘ်ထိုးပြီး အပေးအယူ လုပ်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

 တရားခွင်မှာတော့ ကျန်းမာရေး ဝန်ကြီးဟောင်း လောင်က သူမှားခဲ့ကြောင်း၊ အဲဒီအတွက် စိတ်မကောင်းကြောင်း ဝန်ခံသွားခဲ့တယ်လို့ ပြည်တွင်း မီဒီယာ တခုက ဖော်ပြခဲ့ပါတယ်။

 ဗီယက်နမ်မှာ အဂတိ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ အချိန်မှာ အခုလိုမျိုး ဝန်ကြီးအဆင့် အရာရှိတွေရဲ့ လာဘ်စားမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဗီယက်နမ်မှာ အကြီးတန်း အရာရှိ အဆင့်တွေ အပါအဝင် ရာနဲ့ချီတဲ့ အစိုးရ ဝန်ထမ်းတွေဟာ ပြစ်ဒဏ် ကျခံရတာ၊ ဖိအားပေးပြီး နုတ်ထွက်စေတာတွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ သမ္မတဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်း ဖြစ်ခဲ့သူ ငုယမ် ရွှမ်ဖတ်နဲ့ ဒုတိယ ဝန်ကြီးချုပ် နှစ်ဦးတို့လည်း ပါဝင်ခဲ့ပါတယ်။

 Viet Aကို ထူထောင်ခဲ့သူ အမှုဆောင်ချုပ် ဖန်ကွက်ဗီယက်ကတော့ တပတ်ကြာ တရားစီရင် စစ်ဆေးမှုတွေ အပြီးမှာ ထောင်ဒဏ် ၂၉ နှစ် ချမှတ် ခံခဲ့ရပြီး အဲဒီနောက် သီးခြား စွဲချက် တခုအတွက် ဒီဇင်ဘာ လထဲမှာ ထပ်တိုးထောင်ဒဏ် ၂၅ နှစ် ချမှတ် ခံခဲ့ရပြန်ပါတယ်။

 ဗီယက် Aဟာ ကပ်ရောဂါ ကာလအတွင်း ဗီယက်နမ်မှာ kitပေါင်း ၄.၅ သန်းလောက်ကို ဖြစ်သင့်တဲ့ စျေးထက် သုံးဆမြှင့်တင် ရောင်းချခဲ့ပြီး အကျိုးအမြတ် ဒေါ်လာ ၅၀.၂၅ သန်းလောက် ရယူသွားကြောင်း စွပ်စွဲ ခံထားရပါတယ်။ အဲဒီ အမှုနဲ့ ဆက်စပ်လို့ တရားရုံးဟာ နောက်ထပ် လူပုဂ္ဂိုလ် ၃၅ ဦးကိုလည်း ထောင်ဒဏ် ၁၈ လကနေ ၁၅ နှစ်အတွင်း ကွဲပြားတဲ့ ပြစ်ဒဏ်တွေ ချမှတ်ထားခဲ့ကြောင်း သိရပါတယ်။

 Ref: Reuters