တောင်ကိုရီးယားမှာ ကိုဗစ်ကူးစက်သူ ၁၀သန်းကျော်ရှိလာ

Photo – Reuters

တောင်ကိုရီးယားနိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်ကူးစက်မှုအရေအတွက် စုစုပေါင်း ၁၀ ​​သန်းကျော် ရှိလာပြီး ဒါဟာ နိုင်ငံလူဦးရေရဲ့ ၂၀ရာခိုင်နှုန်းရှိတယ်လို့ အာဏာပိုင်တွေက မတ်လ ၂၃ရက်နေ့မှာ ပြောပါတယ်။

ပြင်းထန်တဲ့ ရောဂါကူးစက်မှုတွေကြောင့် အသေအဆုံးလည်းများပြီး  နိုင်ငံတစ်ဝန်းမှာ ဈာပနအခမ်းအနားပြုလုပ်နေတဲ့ နေအိမ်တွေလည်း တွေ့မြင်ကြရတယ်လို့ ဆိုပါတယ်။

ရောဂါခြေရာခံတာ ၊ ကွာရန်တင်းထားရှိတာနဲ့ ခပ်ခွာခွာနေတာ စတဲ့ စည်းကမ်းတင်းကြပ်မှုတွေကို ဖြေလျော့ပေးခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကူးစက်မှု မြင့်တက်လာပြီး စံချိန်တင်ကိုဗစ်လှိုင်းဒဏ်ကို ရင်ဆိုင်နေရတာပါ။

 မတ်လ ၂၂ရက်နေ့က ကိုဗစ်ကူးစက်ခံရသူ ၅သိန်းနီးပါးရှိခဲ့ပြီး မတ်လ ၁၆ရက်နေ့က ၆သိန်း ၂သောင်းကျော်အထိ မြင့်တက်ခဲ့တယ်လို့ ကိုရီးယားရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအေဂျင်စီက အစီရင်ခံပါတယ်။ တနိုင်ငံလုံးမှာဆိုရင်တော့ ကူးစက်သူ စုစုပေါင်း ၁၀သန်းကျော်နဲ့ သေဆုံးသူ ၁၃၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ လူဦးရေ ၅၂သန်းရဲ့ ၈၇ရာခိုင်နှုန်းဟာ ကိုဗစ်ကာကွယ်ဆေးအပြည့်အဝ ထိုးထားပြီး ၆၃ရာခိုင်နှုန်းကတော့ တတိယအကြိမ် ထိုးထားပြီးတာကြောင့် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတွေဟာ တခြားနိုင်ငံတွေရဲ့ စံနှုန်းတွေနဲ့နှိုင်းယှဉ်ရင် နည်းပါးနေတာ တွေ့ရပါတယ်။