ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီအဖြစ် Appleကို ကျော်တက်ပြီး Microsoft ရပ်တည်

ဇန်နဝါရီ ၊ ၁၃

ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံး ကုမ္ပဏီဆိုတဲ့ ဂုဏ်ပုဒ်ကို Appleဆီကနေ Microsoftက လက်လွှဲယူသွားခဲ့ပါတယ်။

 Appleဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။ Microsoftရဲ့ ရှယ်ယာတန်ဖိုးတွေ မြင့်တက်လာခြင်းနဲ့အတူ Appleကို ဇန်နဝါရီ ၁၂ ရက်မှာ ကျော်တက်ခဲ့တာ ဖြစ်ပါတယ်။

 အဲဒီနေ့ စျေးကွက်ပိတ်ချိန်ထိ အခြေအနေအရ Microsoft ရှယ်ယာတွေက ၁ ရာခိုင်နှုန်း တန်ဖိုးတက်လာပြီး Appleက ၀.၂ ရာခိုင်နှုန်းသာ တက်ခဲ့ပါတယ်။ Microsoftဟာ ကုမ္ပဏီ သမိုင်းတလျှောက် အမြင့်ဆုံး တန်ဖိုးအဖြစ် ဒေါ်လာ ၂.၈၈၇ ထရီလီယံမှာ ရပ်တည်ခဲ့ပြီး Appleရဲ့ စျေးကွက်တန်ဖိုး ဒေါ်လာ ၂.၈၇၅ ထရီလီယံကို ပွတ်ကာသီကာ ကျော်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 စမတ်ဖုန်းတွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်လာခြင်းက iPhoneတွေ ထုတ်လုပ်ရာ Appleရဲ့ စျေးကွက် တန်ဖိုးကို ၂၀၂၄ ခုနှစ် အစပိုင်းမှာ ၃ ရာခိုင်နှုန်း လျော့ကျသွားစေခဲ့ပါတယ်။ Microsoftကတော့ ဉာဏ်ရည်တု (AI) နည်းပညာသုံး ChatGTPကို ဖန်တီးတဲ့ OpenAIမှာ ရင်းနှီးမြှုပ်နှံဖို့ ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့အတူ အခြေအနေ ကောင်းနေပြီး နှစ်ဆန်းပိုင်းမှာ စျေးကွက်တန်ဖိုး ၃ ရာခိုင်နှုန်း တက်ရိပ်ပြလာခဲ့ပါတယ်။

 OpenAIရဲ့ အထောက်အကူတွေ ရယူနိုင်ခြင်းဟာ Googleရဲ့ ဝက်ဘ်ရှာဖွေမှု ကဏ္ဍမှာ တဖက်သတ် ကြီးစိုးထားတဲ့အပေါ် Microsoftက စိန်ခေါ်ရာမှာ အထောက်အကူ ဖြစ်စေပြီး cloud-computing လုပ်ငန်းတွေမှာလည်း ပြန်လည် ခေါင်းထောင်လာစေနိုင်ခဲ့တာကြောင့် အကျိုးကျေးဇူးတွေ ဖြစ်ထွန်းခဲ့ပါတယ်။

 Appleကတော့ အဓိက စျေးကွက်တခုဖြစ်တဲ့ တရုတ်မှာ ​iPhone ဝယ်လိုအား ကျဆင်းလာမှု၊ Huaweiရဲ့ စျေးကွက်တွင်း ပြိုင်ဆိုင်မှုလိုမျိုး ခက်ထန်တဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ရုန်းကန်နေရပါတယ်။ Appleက ရည်မှန်းချက် ကြီးကြီးနဲ့ ထုတ်လုပ် ရောင်းချမယ့် mixed-reality ခေါင်းဆောင်း Vision Proရဲ့ ရောင်းအားဟာလည်း Appleအတွက် အရမ်း အကျိုးအမြတ် များပြားလာစေမယ့် အခြေအနေ မရှိသေးကြောင်း စျေးကွက် သုတေသီတွေက သု့းသပ်ထားပါတယ်။

 အမေရိကန် နည်းပညာ လုပ်ငန်းစုကြီး နှစ်ခုကြား ယှဉ်ပြိုင်မှုမှာ ၂၀၁၈ ကစလို့ Appleကသာ အဓိက အသာစီး ရထားလေ့ရှိပြီး စျေးကွက်တန်ဖိုးအရ Microsoftက ရံဖန်ရံခါသာ ထိပ်ဆုံးနေရာကို လွှဲယူနိုင်လေ့ ရှိခဲ့ပါတယ်။ Microsoftက ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီအဖြစ် နောက်ဆုံးအကြိမ် ရပ်တည်ခဲ့တဲ့ ကာလကတော့ ၂၀၂၁ ခုနှစ်တုန်းက ဖြစ်ပါတယ်။

 Ref: CNA