အမေဇုန် သစ်တောထဲမှာ တိမ်မြုပ်နေတဲ့ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ မြို့ဟောင်းကြီး ရှာတွေ့

ဇန်နဝါရီ ၊ ၁၃

အီကွေဒေါ နိုင်ငံပိုင်နက်ထဲက အမေဇုန် သစ်တောကြီးထဲမှာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိခဲ့တဲ့ မြို့ဟောင်းနေရာကြီး တခုကို ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

 သုတေသီတွေက အီကွေဒေါ အရှေ့ပိုင်း၊ အက်ပါနို ဧရိယာထဲမှာ တွေ့ရှိခဲ့တဲ့ မြို့ဟောင်းကြီးဟာ အမေဇုန် မြစ်ဝှမ်းတလျှောက် လူသားတွေ အခြေချ နေထိုင်ခဲ့မှု သမိုင်းကြောင်းနဲ့ ပတ်သက်လို့ နားလည် သိရှိထားတဲ့ အချက်အလက်တွေကို အကြီးအကျယ် ပြောင်းလဲသွားစေနိုင်တယ်လို့ မှတ်ချက် ပေးခဲ့ကြပါတယ်။

 အဲဒီ မြို့ဟောင်းကြီးဟာ ကျယ်ပြန့်လွန်းပြီး အိမ်တွေ၊ ရင်ပြင်တွေနဲ့ ဖွဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေဇုန် အမြဲစိမ်း သစ်တောကြီးတွေ ဖုံးလွှမ်းသွားတာကြောင့် မျက်မှောက်ခေတ် လူသားတွေ ရုတ်တရက် ရှာမတွေ့နိုင်ဘဲ တိမ်မြုပ်နေတာလို့ ဆိုပါတယ်။

 မီးတောင်တခုနားမှာ တည်ရှိခဲ့တဲ့ မြို့ကြီးဟာ အဲဒီ မီးတောင်က ရရှိတဲ့ ချော်မြေဩဇာတွေကြောင့် စိုက်ပျိုးရေး လုပ်ငန်း တိုးတက်ပြီး စည်ပင် ဖွံ့ဖြိုးခဲ့ပေမယ့် မီးတောင် ပေါက်ကွဲမှုကြောင့်ပဲ ပျက်သုဉ်းခဲ့ရတယ်လို့ ပညာရှင်တွေက ယူဆထားပါတယ်။

 လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က တည်ခဲ့တယ်လို့ ယူဆရတဲ့ မြို့ကြီးဟာ အမေဇုန်မှာ တွေ့ဖူးသမျှ တခြား ရှေးဟောင်း လူနေဧရိယာတွေထက် ပိုပြီးတော့ ရှေးကျတယ်လို့ ပြင်သစ်နိုင်ငံ၊ အမျိုးသား သိပ္ပံနည်းကျ သုတေသန ဌာနရဲ့ ပရော်ဖက်ဆာ စတီဖန် ရိုစတိန်းက ပြောပါတယ်။ မြို့စတည်ပြီး နောက်ထပ် နှစ်ပေါင်း ၁၀၀၀ လောက်ထိ မျိုးဆက်အဆင့်ဆင့် အခြေချ နေထိုင်ခဲ့ပြီးမှ မီးတောင်ပေါက်ကွဲလို့ အဲဒီမြို့ကို လူသားတွေ စွန့်ခွာသွားခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို သုတေသီတွေက တွေ့ရှိထားပါတယ်။

 မြို့ထဲမှာ လူဦးရေ ဘယ်လောက်ထိ နေထိုင်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ ခန့်မှန်းဖို့ ခက်နေပြီး သောင်းဂဏန်းကနေ တသိန်းမပြည့်တဲ့ ပမာဏထိလို့ ယူဆရပါတယ်။ အများစုကတော့ စိုက်ပျိုးရေး လုပ်ငန်းနဲ့ အသက်မွေးခဲ့သူတွေ ဖြစ်ဖွယ် ရှိပါတယ်။

 ရှေးဟောင်း သုတေသန ပညာရှင်တွေဟာ စတုရန်း ကီလိုမီတာ ၃၀၀ ကျယ်ဝန်းတဲ့ မြေပြင် ဧရိယာကို လေဆာ အာရုံခံ စနစ်တွေနဲ့ ဖြန့်ကျက် လေ့လာခဲ့ပြီးတဲ့နောက် သိပ်သည်းလှတဲ့ သစ်ပင် ချုံနွယ်တွေအောက်မှာ ကိန်းအောင်းနေတဲ့ မြို့ပျက် နေရာကို ခြေရာခံမိခဲ့တာ ဖြစ်ပါတယ်။

 တချို့ အဆောက်အအုံတွေဟာ အလျားအနံ ၁၄၀ မီတာနဲ့ ၄၀ မီတာလောက်ထိ ပမာဏ ကြီးမားတာကိုလည်း တွေ့ရပါတယ်။ သုတေသီတွေဟာ ရှာတွေ့ခဲ့တဲ့ မြို့ဟောင်းနေရာမှာ တူးဖော်မှုတွေ လုပ်ဆောင်ဖို့ စိုင်းပြင်းနေသလို အနီးကပ် တည်ရှိတဲ့ နောက်ထပ် ၃၀၀ စတုရန်း ကီလိုမီတာ အကျယ်အဝန်း မြေနေရာကိုလည်း စုံစမ်း ရှာဖွေမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

Ref: BBC