မကြာခင်ကမှ ရှာတွေ့ထားတဲ့ ကမ္ဘာ့အကြီးဆုံး မြွေကြီး သေဆုံးသွား

မတ်၊ ၂၈

ကမ္ဘာပေါ်မှာ အကြီးဆုံးမြွေအဖြစ် မကြာသေးခင်က ကမ္ဘာကျော်လာတဲ့ အန်နာကွန်ဒါ မြွေကြီးဟာ မုဆိုးတွေ လက်ချက်ကြောင့်လို့ ယူဆရတဲ့ အခြေအနေကြောင့် သေဆုံးသွားပြီ ဖြစ်ပါတယ်။

Disney+ရဲ့ စီးရီးတခုဖြစ်တဲ့ Pole to Pole with Will Smithကို ရိုက်ကူးရင်း ဘရာဇီးနိုင်ငံက အမေဇုန် တောနက်ကြီးထဲမှာ အဲဒီ မြွေကြီးကို သိပ္ပံပညာရှင် အဖွဲ့တခုက ရှာတွေ့ခဲ့တာပါ။ အဲဒီ အန်နာကွန်ဒါ မြွေမကြီးကို အန်နာ ဂျူလီယာလို့ နာမည်ပေးခဲ့ပြီး အရင်က မှတ်တမ်း မတင်ဖူးတဲ့ အန်နာကွန်ဒါ မြွေစိမ်း မျိုးကွဲတခုအဖြစ် ကြေညာခဲ့ပါတယ်။

အန်နာဂျူလီယာကို စတင် တွေ့ရှိပြီး သီတင်းပတ် တချို့ အကြာမှာတော့ ဘရာဇီးတောင်ပိုင်းက ဖော်မိုဆို မြစ်ဝှမ်းမှာ အဲဒီ မြွေကြီး သေဆုံးနေတာကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ၂၆ ပေ ရှည်လျားတဲ့ မြောက်ပိုင်း အန်နာကွန်ဒါ မြွေစိမ်းကြီးဟာ ပေါင်ချိန် ၄၄၀ လေးလံပါတယ်။ အဲဒီမြွေကြီးရဲ့ ဦးခေါင်းဟောင်း လူဦးခေါင်းနဲ့ အရွယ်အစား တူညီပါတယ်။

အန်နာဂျူလီယာရဲ့ ခန္ဓာကိုယ်မှာ သေနတ်ကျည်ဆန်ရာတွေ တွေ့ခဲ့ရပြီး မုဆိုးတွေ ပစ်သတ်လို့ သေသွားတယ်လို့ ယုံကြည်ရပေမယ့် အဲဒီမြွေကြီးကို ရှာတွေ့ရာမှာ အဓိက ပါဝင်ခဲ့သူ နယ်သာလန် ပညာရှင် ပရော်ဖက်ဆာ ဖရိခ်ဗွန့်ခ်ကတော့ သေမှုသေခင်း အကြောင်းရင်းကို တိတိကျကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

နောက်ဆုံး ကောက်ယူခဲ့တဲ့ အချက်အလက် မှတ်တမ်းတွေအရ အန်နာဂျူလီယာဟာ အရမ်းကျန်းမာပြီး အသက်အရွယ် အရလည်း အကြံ့ခိုင်ဆုံး၊ အသန်မာဆုံး အနေအထားမှာ ရှိနေခဲ့ကြောင်း သူက ပြောပါတယ်။

မြွေကြီး သေဆုံးသွားခဲ့တဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဖြစ်နိုင်ခြေ အားလုံးကို ထည့်စဉ်းစားသင့်ကြောင်းလည်း သူက မှတ်ချက် ပေးသွားပါတယ်။

အသစ်ရှာတွေ့တဲ့ မြွေမျိုးစိတ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ သန်းလောက် ကတည်းက အဲဒီဒေသမှာ ရှင်သန် ကျက်စားခဲ့တဲ့ တောင်ပိုင်း အန်နာကွန်ဒါ မြွေစိမ်းတွေနဲ့ မျိုးဗီဇ ကွာဟချက် ကြီးကြီးမားမား ရှိနေတယ်လို့လည်း သိရပါတယ်။

 

Ref: Independent