ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိထိရောက်ရောက် စောင့်ကြည့်တုံ့ပြန်မယ့် နိုင်ငံတကာ ကွန်ရက်တခု ထူထောင်

မတ်၊ ၂၈

ကမ္ဘာတလွှားမှာ ကိုရိုနာဗိုင်းရပ်စ်တွေ ဖြစ်ပေါ်မှု၊ ကူးစက်မှုတွေကို စောင့်ကြည့်ဖို့ နိုင်ငံတကာ ကွန်ရက်တခုကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က စတင် အသက်သွင်းလိုက်ပါတယ်။

CoViNetလို့ နာမည်ပေးထားတဲ့ အဲဒီကွန်ရက်ဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2လိုမျိုး ကိုရိုနာဗိုင်းရပ်စ် အနွယ်ဝင်တွေ ကူးစက်မှု အခြေအနေတွေကို တိတိကျကျနဲ့ ထိထိရောက်ရောက် စောင့်ကြည့်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အနွယ်တမျိုးကြောင့် ကိုဗစ် ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်ပွားခဲ့ပြီးတဲ့နောက် WHOဟာ အလားတူ အခြေအနေတွေကို ကူးစက်မှု အစောပိုင်း ကာလတွေ ကတည်းက ထိထိရောက်ရောက် တုံ့ပြန်ဖို့ ရည်ရွယ်ပြီး CoViNetကို ချိတ်ဆက် အကောင်အထည်ဖော်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

 အဲဒီကွန်ရက်ဟာ ကမ္ဘာတလွှားက အဆင့်မြင့် ဓာတ်ခွဲခန်း ၃၆ ခုရဲ့ လူ၊ တိရစ္ဆာန်နဲ့ သဘာဝ ပတ်ဝန်းကျင်မှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု မှတ်တမ်းတွေကို ချိတ်ဆက် စောင့်ကြည့်ဖို့ ရည်ရွယ်ထားတာပါ။ အဲဒီ ဓာတ်ခွဲခန်းတွေဟာ WHO အဖွဲ့ဝင် နိုင်ငံ ၂၁ ခုမှာ တည်ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

CoViNetရဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေကြောင့် အနာဂတ်ကာလ ကမ္ဘာတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ပတ်သက်လို့ ပိုပြီး ထိရောက်တဲ့ အကာအကွယ် အစီအမံတွေ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း WHOရဲ့ ကပ်ရောဂါဆိုင်ရာ ကြိုတင်စီမံပြင်ဆင်ရေး ဌာန ယာယီ ဒါရိုက်တာ မာရီယာ ဗန် ခါကော့ဗ်က ပြောကြားသွားပါတယ်။

 

Ref: Xinhua