ကနီမြို့ဒေသခံ စစ်ရှောင်နှစ်သောင်းနီးပါး စားနပ်ရိက္ခာနဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေ

မတ်၊ ၂၈
 
စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကနီ မြို့ပေါ်တိုက်ပွဲတွေကြောင့် နီးစပ်ရာကျေးရွာတွေအပြင် မြို့ပေါ်နေ ပြည်သူတချို့ပါ စစ်ဘေးရှောင်နေရပြီး လူဦးရေ နှစ်သောင်းနီးပါးလောက်ဟာ စားနပ်ရိက္ခာတွေအပြင် အရေးအပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
 
လက်ရှိမှာ ကနီမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် သုံးခုအပါအ၀င် ညောင်ပင်၀န်း၊ သရက်တော၊ ခိုတွဲစတဲ့ ကျေးရွာ ရှစ်ခုလောက်က အိမ်ထောင်စု သုံး ထောင်ကျော်လောက်ရှိ ဒေသခံ နှစ်သောင်းနီးပါးဟာ နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာ ကျေးရွာတွေနဲ့ သက်ဆိုင်ရာ ဆွေမျိုးတွေအိမ်မှာ စစ်ဘေးရှောင်နေရသေးတယ်လို့ သူကဆိုပါတယ်။
 
“(တိုက်)ပွဲဖြစ်တုန်းက ၁၃ ရွာလောက်ရှောင်ရတယ်၊ အခုက ပွဲတွေမဖြစ်တော့ဘူး ဒါပေမယ့် မြေပြင်က လေယာဉ်တွေနဲ့ လာပစ်တာတွေရှိတော့ မ၀င်ရဲကြသေးတော့ ၈ ရွာလောက်တော့ကျန်သေးတယ်၊ ၀င်လို့ရတဲ့ရွာတွေကလည်း ကြောက်တဲ့သူတော့ မ၀င်ဘူးပေါ့ လုပ်ငန်းနဲ့မဖြစ်မနေ၀င်ရမယ်သူကတော့ ၀င်ကြတာပေါ့နော်” လို့ သူကပြောပါတယ်။
 
စစ်ဘေးရှောင်အများစုကို တော်လှန်ရေးအင်အားစုတွေက စီစဉ်ပေးထားတဲ့ ကျေးရွာတွေရှိ လုံခြုံတဲ့နေရာတွေမှာ စုပေါင်းနေထိုင်ကြရတာရှိသလို ကိုယ်အစီအစဉ်နဲ့ကိုယ် နီးစပ်ရာ ဆွေမျိုးသားချင်းတွေအိမ်မှာ နေထိုင်ကြတာလည်း ရှိတယ်လို့ သိရပါတယ်။
 
အဲဒီစစ်ရှောင်ပြည်သူတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေက စုပေါင်းပြီး စား၀တ်နေရေးအတွက် ကူညီစောင့်ရှောက်ပေးနေသော်လည်း စစ်ရှောင်လူဦးရေ များပြားတာနဲ့ စစ်ဘေးရှောင်ရတဲ့ ရက်တွေများလာတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။
 
“ရွာဘက်တွေကတော့ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုင်ပင်ပြီး တချို့အိမ်က မီးရှို့ခံထားရတယ် သူတို့မှာ ဘာမှမပါဘူး မီးမလောင်တဲ့အိမ်ကတော့ စားစရာတွေ ပြန်ယူလို့ရတယ် မြို့ပေါ်ရပ်ကွက်တွေကျတော့ လုံး၀ ပြန်မရတဲ့လူတွေဆိုတော့ တအားကို ခက်ခဲကြတယ် တခြားထိစပ်မြို့နယ်တွေက ဆန်တွေလာလှူတာရှိတယ် လူဦးရေ တအားများတော့ မလောက်ငှတာတွေရှိတာပေါ့” လို့ သူကဆိုပါတယ်။
 
လက်ရှိ ကနီမြို့ပေါ်မှာ စစ်တပ်က ပြန်လည်၀င်ရောက် နေရာယူထားသလို သူတို့နဲ့နီးစပ်သူတွေ၊ စစ်ဘေးရှောင်ဖို့ အခက်အခဲဖြစ်သူတချို့လောက်သာ ကျန်နေပြီး ကျန်ပြည်သူလူထုက စစ်တပ်ရဲ့ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှုအပြင် လေကြောင်းအန္တရယ်ကို ကြောက်လန့်တဲ့အတွက် မြို့အတွင်းကို မပြန်ရဲကြသေးဘူလို့ သိရပါတယ်။
 
“တချို့ကတော့ အ၀တ်တထည် ကိုယ်တခုနဲ့ ထွက်လာကြတာဘာမှာပါမလာဘူးပေါ့ အဲတော့ သူတို့အတွက် အ၀တ်အထည်တွေ စောင်တွေလည်းလိုအပ်တယ်။ အခက်အခဲတွေကတော့ အများကြီးပါပဲ” လို့ အထက်ပါ စစ်ရှောင်ကူညီသူက ပြောပါတယ်။
 
ယင်းမာပင်ခရိုင် ကနီမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေး အင်အားစုပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လ ၂ ရက်မှာ စတင်တိုက်ခိုက်ပြီး မြို့တွင်းအထိ ထိုးဖောက်နိုင်ခဲ့ပေမယ့် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေအပြင် စစ်ကူအများအပြားပို့လာတာကြောင့်ပြန်ဆုတ်ခဲ့ရတယ်လို့ အမှတ်(၁)စစ်ဒေသကထုတ်ပြန်ထားပါတယ်။
 
တိုက်ပွဲအတွင်း မြို့အတွင်းက စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ကောင်စီတပ်တွေဟာ အခုလက်ရှိ အင်အားအများအပြားနဲ့ မြို့တွင်း ပြန်လည် ၀င်ရောက်တပ်စွဲနိုင်ချိန်မှာတော့ မြို့တွင်းရှိ ပြည်သူပိုင်နေအိမ်တွေအပြင် တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့သူတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံ တဦးကပြောပါတယ်။
 
“ တိုက်ပွဲတွေပြီးတော့ သူတို့ စစ်ကြောင်းထိုးတာတွေလုပ်တယ်။ အနီးအနားက ရွာတွေကို စစ်ကြောင်းထိုးတာပေါ့ လေယာဉ်ကလည်း လေးငါးကြိမ်လောက် လာပစ်သေးတယ်။ မြို့ထဲကို ပစ်တာမျိုးတော့ မဟုတ်ဘူး မြို့အနီးပတ်၀န်းကျင်ကို ပစ်နေတာ ” လို့ သူကပြောပါတယ်။
 
စစ်တပ်အာဏသိမ်းပြီးကတည်းက စစ်ရေးအခြေအနေတင်းမာနေတဲ့ ကနီမြို့နဲ့ အနီးပတ်၀န်းကျင်က မြိုကနယ် တချို့မှာ စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေဖြတ်တောက်ထားတဲ့ အတွက် ဒေသခံတွေနဲ့ အလှူရှင်တွေကြား ချိတ်ဆက်ကူညီပေးဖို့ အခက်အခဲတွေဖြစ်နေသေးတယ်လို့ သိရပါတယ်။
 
တော်လှန်ရေးအင်အားစုတွေဘက်က အခုလ ၂ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာကြောင့် အာဏာသိမ်းပြီးနောက် ကနီမြို့မှာ ပထမဆုံးအကြိမ်အဖြစ်ဆယ်ရက်ကြာ မြို့တွင်းတိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
 
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၇ဦးသေဆုံးပြီး အဲ့ဒီအထဲက ၁၁ဦးကိုတော့ အလောင်းပါရပြီးအတည်ပြု နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ်(၁)စစ်ဒေသထုတ်ပြန်ထားပါတယ်။
 
တော်လှန်ရေးတပ်တွေဘက်ကတော့ ၁၁ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီတပ်တွေဆီက လက်နက်မျိုးစုံ ၁၁လက် ၊ဗုံးသီးမျိုးစုံ ငါးဆယ်ကျော်၊ကျည်မျိုးစုံ ၁၃၀၀ ကျော်အပါအဝင် ခဲယမ်းနဲ့စစ်အသုံးအဆောင်တချို့ရရှိခဲ့ တယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများ