ပုလဲမှာ တဦးတည်းထွက်လာတဲ့ စစ်ကောင်စီဗိုလ်ကြီးကို PDF ဖမ်းဆီး

မတ်၊ ၂၈
 
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာ နယ်မြေရဲစခန်းကနေ တဦးတည်း ဆိုင်ကယ်နဲ့ထွက်လာတဲ့ စစ်ကောင်စီ ဗိုလ်ကြီး ဟိန်းရဲထက်ကို ကင်းပုန်းဝပ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း(၁၉) တပ်ရင်းမှူး ဗိုလ်ပုလဲ က DNA ကိုပြောပါတယ်။
 
ဗိုလ်ကြီးဟိန်းရဲထက်ဟာ ကန်ဒေါင့်ရွာမှာ အခြေချနေတဲ့ စစ်ကောင်စီနပ်ရဲ့ စစ်ကြောင်းမှူးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
 
“ သူကအပြင်ကို ခဏတိုင်းထွက်တယ်ဆိုတာ သိရလို့ အစောပိုင်းကတည်းက စောင့်ကြည့်ခဲ့တာပေါ့၊ မနေ့ကတော့ နည်းနည်း ကျွံလာတဲ့အချိန် ကျွန်တော်တို့ ကင်းပုန်း၀ပ်ပြီးတော့ ဖမ်းဆီးခဲ့တာပါ ” လို့ သူကပြောပါတယ်။
 
အဲ့ဒီဗိုလ်ကြီးဆိုသူကို ပုလဲ-ဂန့်ဂေါ သွားကားလမ်းမပေါ်မှာ ဆိုင်ကယ်တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဗိုလ်ပုလဲက ပြောပါတယ်။
 
“ သူကအရင်ကလည်း တခါတလေ အရက်သောက်ထွက်တာမျိုးတော့ ရှိတယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း မိုင်းဆွဲတိုက်ခိုက်လို့ သူတပည့်တွေထိတာ ရှိတယ်၊ ဒါကိုသိလို့ ကျွန်တော်တို့ စောင့်နေတာပါ။ ရဲစခန်းနဲ့ မီတာ ၁၀၀၀ အကွာ အဝေးလောက်မှာ ဖမ်းမိခဲ့တာပါ ” လို့ သူကပြော ပါတယ်။
 
ဖမ်းဆီးရမိချိန်မှာ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာ မရှိပေမယ့် စကားပြောစက်တလုံးနဲ့ ဖုန်းတလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း(၁၉) Pale Joker PDF အဖွဲ့က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူး ဟိန်းရဲထက်ကို လက်ရှိ လုံခြုံစိတ်ချရတဲ့နေရာမှာ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် သူကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိပ်မပြောနိုင်သေးဘူးလို့ ဗိုလ်ပုလဲက ပြောပါတယ်။
 
ပုလဲနယ်မှာ စစ်အုပ်စုက အင်မထီးရွာ၊ ဇီးဖြူကုန်းရွာနဲ့ ပုလဲ-ဂန့်ဂေါ သွားကားလမ်းမပေါ်ရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းမှာသာ အထိုင်ချတပ်စွဲပြီး နေထိုင်လေ့ရှိသလို ရိက္ခာပြတ်လပ်မှုတွေရှိလာရင် အနီးအနားက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ရှာဖွေတတ်လေ့ရှိတယ်လို့ ပုလဲမြို့နယ်ပြည်သူ အုပ်ချုပ်ရေးအဖွဲ့၀င်တွေက ပြောဆိုထားပါတယ်။
 
လက်ရှိမှာလည်း ကန့်ဒေါင့်နယ်မြေရဲစခန်းမှာ စစ်တပ်နဲ့ပျူစောထီးတွေ ပူးပေါင်းပြီး အင်အား ငါးဆယ်လောက်နဲ့ တပ်စွဲထားတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁၉)