နောက်ထပ် ကိုဗစ် မျိုးကွဲသစ်တွေ ထပ်လာနိုင်ဦးမယ့် အခြေအနေကို WHO အကြီးအကဲထုတ်ပြော

၂၅၊ဇန်နဝါရီလ၊၂၀၂၂။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ရဲ့ အကြီးအကဲဖြစ်သူ တက်ဒရို့ဒ်က လက်ရှိ ကမ္ဘာမှာ တွေ့ရှိဖြစ်ပွားနေတဲ့ အိုမီခရွန် မျိုးကွဲသစ်ဟာ နောက်ဆုံး မျိုးကွဲသစ် မဟုတ်ဘူးလို့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီအခြေအနေကို မပေါ့ဆသင့်ဘဲ ကျော်လွှားနိုင်ဖို့ အာရုံအထူးစိုက်ထားသင့်ပြီး နောက်ထပ် ကိုဗစ်မျိုးကွဲသစ်တွေ ထပ်မံဖြစ်ပွားလာမယ့် အခြေအနေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က အသိပေးပြောကြားခဲ့တာပါ။

“အိုမီခရွန်ကို နောက်ဆုံးမျိုးကွဲလို့ သတ်မှတ်ပြီး အဆုံးသတ်တစ်ခုလို မှတ်ယူဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ကွဲပြားတဲ့ အခြေအနေတွေနဲ့ပဲ နောက်ထပ် မျိုးကွဲသစ်တွေ ထွက်လာဦးမယ့် အနေအထားပါ”လို့ WHO အကြီးအကဲ တက်ဒရို့ဒ်က သတိပေးခဲ့ပါတယ်။

လက်ရှိမှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့တဲ့ ၂ နှစ်ကျော်ကြာကာလမှာ လူပေါင်း ၆ သန်းနီးပါးလောက်ကို သေဆုံးခဲ့ရပါပြီ။

ကပ်ရောဂါ ကူးစက်မှုဟာ တစ်ကမ္ဘာလုံး သန်း ၃၅၀ ကျော်အထိ ရှိလာခဲ့ပြီး ဆေးထိုးနှံမှု အစီအစဉ်တွေနဲ့ နောက်ဆုံးဖြစ်ပွားနေတဲ့ အိုမီခရွန် မျိုးကွဲသစ်ရဲ့ သေစေနိုင်တဲ့ အခြေအနေနည်းပါးမှုကြောင့်သာ သက်သာရာရတဲ့ အခြေအနေမျိုးဖြစ်နေပေမယ့် WHO ကတော့ ကမ္ဘာ့ပြည်သူတွေကို လုံးဝ မပေါ့ဆဖို့ ကြေညာထားပါတယ်။

ဒါပေမဲ့ ကပ်ရောဂါ ဆုံးခန်းတိုင်တဲ့အထိ မဟာဗျူဟာကောင်းတွေနဲ့ WHO ဟာ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အစီအစဉ်တွေကိုလည်း ချဲ့ထွင်သွားမှာဖြစ်တယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။