သထုံ၊ပန်းတိန်ရိုးရွာနား အကြမ်းဖက်စစ်ယာဉ်တန်းမိုင်းဆွဲခံရ၊ ၄ဦးပွဲချင်းပြီးသေ

၂၅၊ဇန်နဝါရီလ၊၂၀၂၂။

မွန်ပြည်နယ်၊သထုံမြို့နယ်၊ ပန်းတိန်ရိုး ကျေးရွာအနီးမှာ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်း ဖက်စစ်သား ၄ယောက်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ၊ မနက်၁ နာရီလောက်မှာ ကျိုက်ထိုဘက်ကနေ သထုံဘက် မောင်းနှင်လာတဲ့ စစ်ယာဉ်တန်းကို သထုံမြို့နယ်၊ ပန်းတိန်ရိုး(ဖော်ဖ)ကျေးရွာ အနီး KNLA တပ်ရင်း ၂ နဲ့PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ဦးထက်မနည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ သထုံ PDF ကထုတ်ပြန်ပါတယ်။

‘ပန်းတိန်ရိုးဆိုတာက ကျိုက္ကော်နဲ့ ဘီလင်းကြားက ရွာကြီးတစ်ရွာပါ။သထုံမြို့ပေါ်နဲ့တော့လှမ်းတယ်’လို့ သထုံ မြို့၊ဘင်လှိုင်ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

သွားရောက်တိုက်ခိုက်ခဲ့တဲ့KNLA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ တယ်လို့လည်းထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က ဆယ်မိနစ်လောက်ကြာအောင် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကားလမ်းဘေးနေအိမ်တစ်အိမ်က ကလေးတစ်ဦးခြေထောက် ကျည်ဆံထိမှန်ခဲ့တယ်လို့ လည်းဆိုပါတယ်။

ယမန်နေ့ညကလည်း သထုံမြို့ပေါ်မှာသေနတ်သံတွေကြားခဲ့ရတယ်လို့ သိရပါတယ်။

‘ည၉နာရီစွန်းစွန်းလေးမှာပစ်တာ။ကျွန်တော်တို့ သိတာကတော့ စစ်တပ်က ကြောက်ကန်ကန်ပြီး ညဘက်ဆို ပြည်သူတွေကို လိုက်ခြိမ်းခြောက်ပြီး သေနတ်လျှောက်ပစ်တာ’လို့ သူကပြောပါတယ်။