သပိတ်ကျင်းပြည်သူတွေ ညဘက်အပြင်မထွက်ဖို့ PDF ထုတ်ပြန်

၂၅၊ဇန်နဝါရီလ၊၂၀၂၂။

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ ညဘက်အပြင်လုံးဝမထွက်ကြဖို့ သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ကြေညာချက်ထုတ်ပြန်သတိပေးလိုက်ပါတယ်။

ဒါ့အပြင် ပြည်သူအယောင်ဆောင် ထားတဲ့ အကြမ်းဖက်တပ်ကားတွေကို တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူ တွေအနေနဲ့ မန္တလေး-ဗန်းမော်လမ်းနဲ့မန္တလေး-မိုးကုတ်လမ်း ဗျူဟာလမ်းရှိ သပိတ်ကျင်းမြို့နယ်လမ်းပိုင်း မှာ ည၇နာရီကနေ မနက်၆နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

‘မြို့ပြPDF တွေအကုန်လုံး တွေးပူရတဲ့ကိစ္စက ပြည်သူထိခိုက်မှာကိုပဲ။တချို့စစ်ဆင်ရေးတွေဆို ပြည်သူထိမှာ စိုးလို့ နောက်ဆုတ်လိုက်ရတာတွေရှိတယ်။အဲဒ့ကြောင့် ပြည်သူတွေအနေနဲ့ လိုက်နာပေးကြဖို့ PDF တွေက ထပ်ခါတလဲလဲ ထုတ်ပြန်နေကြရတာ’လို့ မြင်းခြံမြို့နယ်အတွင်းရှိ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

သပိတ်ကျင်းပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကားတွေနဲ့ ကွဲပြားမှုရှိအောင်အိမ်စီးကားတွေကို မှန်တင် မောင်းဖို့နဲ့နောက်ဖုံး မိုးကာတွေအုပ်ပြီးမမောင်းဖို့လည်း ထုတ်ပြန်ထားပါတယ်။

ညဘက်လမ်းမတွေပေါ်ဖြတ်သန်းသွားလာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို သပိတ်ကျင်းPDF အနေနဲ့ တာဝန်ယူမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။