နိုင်ငံတကာအနေနဲ့နည်းလမ်းစုံသုံးပြီး မြန်မာပြည်သူတွေကိုကာကွယ်ပေးဖို့ တာဝန်ရှိကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား

၂၅၊ဇန်နဝါရီလ၊၂၀၂၂။

မြန်မာစစ်တပ်က ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့နည်းလမ်းပေါင်းစုံနဲ့ မြန်မာပြည်သူတွေကိုအကာအကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့၊ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ (၅၆) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာသံအမတ်ကြီးက အဲဒီလိုထည့်သွင်းပြောကြားလိုက်တာပါ။

စစ်တပ်ကလူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုနဲ့စစ်ရာဇဝတ်မှုအန္တရာယ်တို့ကနေ အကာအကွယ်ပေးနိုင်ဖို့ ကုလသမဂ္ဂပဋိဉာဉ်စာတမ်းနဲ့အညီ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အချိန်မီပြတ်သားစွာ ကာကွယ်ပေးဖို့တာဝန်ရှိကြောင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရေး၊ ငြိမ်းချမ်းရေးပြန်လည်ပေါ်ထွန်းလာစေရေးတို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ထိရောက် မြန်ဆန်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေလုပ်ဆောင်ပေးဖို့ တောင်းဆိုကြောင်းလည်းဆိုပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာ့စစ်တပ်အနေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ဖို့ ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပေမဲ့စစ်တပ်ဟာ လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်ကာ ပြစ်မှုမြောက်များစွာကို ကျူးလွန်နေကြောင်းလည်းပြောပါတယ်။

အာဏာသိမ်းကာလ တစ်နှစ်ပြည့်တော့မယ့်အချိန်မှာ အပြစ်မဲ့ပြည်သူ (၁၄၄၇) ဦး ကျော် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာသော ပြည်သူတွေ ဖမ်းဆီးထိန်းသိမ်း ခံထားရခြင်းနဲ့ ညှင်းပန်းနှိပ်စက်ခံနေရကြောင်း သံ အမတ်ကြီးကထည့်သွင်းပြောကြားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့အင်အားအလွန်အကျွံအသုံးပြုမှုနဲ့ ရက်စက်ကြမ်းကြုတ် မှုတို့ကြောင့် ပြည်သူအိုးအိမ်၊ ဘာသာရေးနဲ့ ကျန်းမာရေး အဆောက်အဦ၊ စာသင်ကျောင်းစတဲ့ပျက်စီးခဲ့ရ တဲ့အခြေအနေတွေ၊အသက်သေဆုံး ထိခိုက်ဒဏ်ရာရခြင်းတွေ နဲ့ရာနှင့်ချီတဲ့ ပြည်သူတွေ နီးစပ်ရာ နယ်မြေဒေသတွေကို ထွက်ပြေးရှောင်တိမ်းနေရတာတွေကိုလည်း သံအမတ်ကြီးက ပြောပါတယ်။

စစ်တပ် ရဲ့ ပိုမိုဆိုးရွားတဲ့ရက်စက်ကြမ်းကြုတ်မှုတွေကနေ ကာကွယ်နိုင်ဖို့ မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံတကာရဲ့အကူအညီနဲ့အကာအကွယ်ပေးမှုတွေလိုအပ်နေတာ ရှင်းလင်းမြင်သာတယ်လို့လည်း ဆိုပါတယ်။