မြောက်ကိုရီးယားကို ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ဖို့ WHO လုပ်ဆောင်နေ

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ မြောက်ကိုရီးယားနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ပေးဖို့ လုပ်ဆောင်နေပြီလို့CNA သတင်းဌာနက ဖော်ပြပါတယ်။

ပြင်ပအကူအညီတွေ လက်ခံလေ့မရှိတဲ့ မြောက်ကိုရီးယားနိုင်ငံအတွက် အခုလို ကူညီဖို့ လုပ်ဆောင်မှုဟာ ထူးခြားချက်ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ ဖြေလျှော့လာတဲ့ နိုင်ငံတကာ ဆက်ဆံရေးလည်းဖြစ်ပါတယ်။

အပတ်စဉ်စောင့်ကြည့်နေတဲ့ အစီရင်ခံစာတစ်ခုမှာတော့ WHO ဟာ တရုတ်နိုင်ငံ ဒါလီယန်လေဆိပ်ကနေတစ်ဆင့် မြောက်ကိုရီးယားနိုင်ငံကို ကိုဗစ်ကာကွယ်ဆေးတွေ ပေးပို့ဖို့ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

ဒီလုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့‌ WHO အကြီးအကဲတွေက တုံ့ပြန်မှု မရှိသေးတာကြောင့် ထောက်ပံ့သွားမယ့် အသေးစိတ်အချက်အလက်ကိုတော့ မသိရှိသေးဘူးလို့ CNA က ဖော်ပြပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံတွင်း စီးပွားရေးကျပ်တည်းမှုတွေ ရင်ဆိုင်နေရပေမယ့် ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေကို အပြင်းအထန် ကန့်သတ်မှုတွေ ပြုလုပ်ခဲ့တာပါ။

ပြည်ပက ကူညီမယ့် ကိုဗစ်ကာကွယ်ဆေးတွေကိုလည်း ငြင်းပယ်ထားတဲ့အပြင် သတ်မှတ်နယ်နိမိတ်အတွင်းဝင်လာတဲ့ ဘယ်သူ့ကိုမဆို ပစ်ဖို့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို မြောက်ကိုရီးယားထိပ်ပိုင်းခေါင်းဆောင်တွေက အမိန့်ပေးခဲ့တာကြောင့် ကိုဗစ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ရှားပါးခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံကတော့ စက်တင်ဘာ ၂၃ ရက်နေ့အထိ လူပေါင်း လေးသောင်းတစ်ထောင်နီးပါးကို စမ်းသပ်စစ်ဆေးရာမှာ အားလုံး ကိုဗစ်ဗိုင်းရပ်စ် ကင်းရှင်းခဲ့တယ်လို့ WHO ကို အစီရင်ခံခဲ့ပါတယ်။

WHO ကတော့ မြောက်ကိုရီးယားမှာ တုပ်ကွေးလို ဖျားနာမှုတွေနဲ့ အခြားလက္ခဏာတွေဖြစ်ပေါ်နေပြီး ကျန်းမာရေးဝန်ထမ်း ခြောက်ရာနီးပါးလောက် ဒီဝေဒနာတွေကို ခံစားနေရတယ်လို့ ဖော်ပြခဲ့ပါတယ်။