နိုင်ငံတွင်းမှာ ကိုဗစ်ကင်းစင်နေတယ်လို့ သတင်းလွှင့်ထားပေမယ့် ကိုဗစ်နဲ့ သေဆုံးသူတွေရှိနေတဲ့ မြောက်ကိုရီးယား

၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

မြောက်ကိုရီးယားနိုင်ငံအတွင်းမှာ ကိုဗစ်ဗိုင်းရပ်စ် ကင်းစင်နေတယ်လို့ အာဏာပိုင်တွေက အသိပေးထားပေမယ့် ဒါဟာ လိမ်ညာမှုတစ်ခုဖြစ်တယ်လို့ မြောက်ကိုရီးယား ပြည်သူအချို့က ထုတ်ဖော်ဖွင့်ဟလာခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံတွင်း သတင်းအရင်းအမြစ်တချို့ကို RFA သတင်းဌာနက ကိုးကားဖော်ပြရာမှာ မြောက်ကိုရီးယားနိုင်ငံက ဆေးရုံတစ်ရုံမှာ ကိုဗစ်လက္ခဏာရှိနေတဲ့ လူ ၁၀ ဦးကို ပို့ဆောင်ပြီးနောက် အဲ့ဒီလူတွေသေဆုံးသွားတဲ့အခါမှာ အာဏာပိုင်တွေက သေဆုံးသတင်းကို အတုအယောင်ပြုလုပ်ခဲ့ပါတယ်။

လူနာတွေဟာ ကိုဗစ်နဲ့ သေဆုံးသွားပေမယ့် မြောက်ကိုရီးယားအာဏာပိုင်တွေကတော့ တခြားရောဂါတစ်ခုနဲ့ သေဆုံးသွားဟန် သတင်းအချက်အလက်တွေသာ ထုတ်ပြန်အသိပေးခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တစ်ခုကတော့ လူနာ ၁၀ ဦးစလုံးဟာ ဖျားနာပြီး တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ဝေဒနာတွေနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဖွင့်ဟပေမယ့် အာဏာပိုင်တွေကတော့ လူနာတွေဟာ အစာအဟာရ ပြတ်လပ်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

သူတို့အားလုံးဟာ မသေဆုံးခင်မှာ မီးအပူမရရှိတဲ့ အေးလွန်းတဲ့ အခြေအနေမှာပဲ သေဆုံးသွားခဲ့ရတာပါ။ အဲ့ဒီနောက် အလောင်းတွေကို မြန်မြန်မီးရှို့လက်ဆ ဖျောက်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ကိုဗစ်ဗိုင်းရပ်စ် စတင်ချိန်ကတည်းက နိုင်ငံအတွင်း ဗိုင်းရပ်စ် ပျံ့နှံ့လာမှာ စိုးရိမ်ခဲ့လို့ နယ်စပ်တွေကို ထိထိရောက်ရောက် ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် မြောက်ကိုရီးယားနိုင်ငံက ကိုဗစ်ဗိုင်းရပ်စ်ဟာ နိုင်ငံတွင်း လုံးဝကင်းစင်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကိုသာ ကမ္ဘာက သိအောင် ချပြခဲ့ပါတယ်။

လက်ရှိအချိန်ထိ မြောက်ကိုရီးယားနိုင်ငံရဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုတော့ အာဏာပိုင်တွေက ကွယ်ဝှက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။