တိမ်းရှောင်နေတဲ့ ရေးNLDဥက္ကဌ နေအိမ်ကို စစ်တပ်က သော့ဖျက်ဝင်ပြီး ပစ္စည်းတချို့သယ်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

တိမ်းရှောင်နေတဲ့ မွန်ပြည်နယ်၊ရေးမြို့နယ် NLDဥက္ကဌရဲ့ နေအိမ်ကို စစ်အုပ်စုတပ်တွေ သော့ဖျက်ဝင်ရောက်ရှာဖွေပြီး ပစ္စည်း တချို့ယူသွားတယ်လို့သိရပါတယ်။

ယမန်နေ့ညနေပိုင်းမှာ ရေးမြို့ပေါ်၊ ကျုံးပတ်လမ်း က ရေးမြို့နယ် NLDဥက္ကဌဦးကျော်မိုးအေးရဲ့ နေအိမ်ကို စစ်တပ်က ဝင်ရောက်ခဲ့တာလို့ ရေးမြို့နယ်NLDပါတီဝင်တစ်ဦးကပြောပါတယ်။

ဦးကျော်မိုးအေးတိမ်းရှောင်နေစဥ်ကာလအတွင်း သူ့ရဲ့အိမ်ကို စစ်အုပ်စုထောက်ခံသူအချို့က စောင့်ကြည့်သတင်းပေးနေသလို သူ့ရဲ့မိသားစုဝင်တချို့လည်းဖမ်းဆီးခံထားရပြီး တချို့တိမ်းရှောင်နေကြရပါတယ်။

‘အခုလည်း သူအိမ်ပြန်ရောက်နေတယ်၊ဒါမှမဟုတ်၊သူ့မိသားစုထဲကတစ်ယောက်ယောက်ပြန်ရောက်လာတယ်လို့ သတင်းကြားလို့ ဝင်ဖမ်းတာထင်တယ်။သော့ဖျက်တယ်၊အိမ်ထဲကပစ္စည်းတွေ ယူတယ်ဆိုတော့ သေနတ်အားကိုး နဲ့ဗြောင်ဓားပြဝင်တိုက်တာပေါ့’လို့ သူကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ NLD ပါတီကို ဖျက်သိမ်းဖို့ခြေလှမ်းပြင်ခဲ့ပေမဲ့ တရုတ်က NLDဖျက်သိမ်းရေးကိုသဘော မတူကြောင်းပြသခဲ့တာကြောင့် ပြန်ငြိမ်သက်သွားခဲ့တာပါ။စစ်အုပ်စုဟာ NLD ပါတီကိုတရားဝင်မဖျက်သေးပေမဲ့ NLD ခေါင်းဆောင်ပိုင်းကနေ အောက်ခြေပါတီဝင်တွေအထိ ပစ်မှားထားဖမ်းဆီးနေပါတယ်။

မကြာသေးခင်ကပဲ ရေးမြို့နယ်NLD အမတ်ဟောင်းဦးမျိုးဝင်းကို ဖမ်းမမိတဲ့အတွက် သမီးဖြစ်သူကိုဖမ်းဆီး ခဲ့ပါသေးတယ်။

‘ဖမ်းတာက ဦးမျိုးဝင်းအမေကိုရောပဲ။သူ့အမေကိုတော့ပြန်လွှတ်ပေးတယ်။’လို့ ရေးမြို့ခံတစ်ဥ◌ီးကပြောပါတယ်။

ဦးကျော်မိုးအေးဟာ ရေးမြို့နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူတစ်ဦးပါ။သူ့ကိုရော်ဘာကျည်နဲ့ပစ်ခတ်ဖမ်းဆီးပေမဲ့ လွတ်မြောက်သွားခဲ့ပါတယ်။