စစ်အုပ်စုကိုင်တွယ်တဲ့ CI သက်တမ်းတိုးလုပ်ငန်းစဉ် ထိုင်းရောက်မြန်မာတွေကို လည်မျိုညှစ်နေ

၂၆၊ဇန်နဝါရီလ၊၂၀၂၂။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် CI (Certificate of Identity )လို့ခေါ်တဲ့ မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် သက်တမ်းတိုးခြင်းလုပ်ငန်းဟာ ဘတ်၅၀၀၀ ဝန်းကျင်ကျသင့်နေပြီဖြစ်ပါတယ်။

ပုံမှန်ဆို ထိုင်းနိုင်ငံရှိ Seven Eleven ဆိုင်တွေမှာလက်ရှိ ကိုင်ဆောင်ထား တဲ့ CI စာအုပ် နံပါတ်နဲ့ စာအုပ်ဖိုး ဘတ်၃၀၀ နဲ့ ဝန်ဆောင်ခ ၁၀ ဘတ် စုစုပေါင်း ဘတ် ၃၁၀ သာပေးသွင်းရမယ့်အနေအထားကနေ ပွဲစား တွေနဲ့လုပ်မှ ဖြစ်မယ့်အခြေအနေမို့ အင်မတန်ကြီးလေးတဲ့ ဘတ်၅၀၀၀ဝန်းကျင်အထိ ပေးနေရတယ်လို့ ထိုင်း နိုင်ငံအတွင်းမြန်မာရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းရဲ့အမှုဆောင်ဒါရိုက်တာဦးထူးချစ်က ပြောပါတယ်။

 CI သက်တမ်းတိုး စာအုပ်ထုတ်ယူဖို့  Seven Eleven ဆိုင်တွေမှာ ဘတ် ၃၁၀ ပေး သွင်းပြီးနောက် Seven Eleven က ထုတ်ပေးတဲ့ပြေစာပါ နေ့ရက်မှာ ကိုယ်နေထိုင်ရာနေရာနဲ့နီးတဲ့CI စခန်းရှိရာမြို့ကိုသွားရောက် ကာCIစခန်းမှာသတ်မှတ်ထားတဲ့လုပ်ငန်းစဉ်အတိုင်းဖြည့်သွင်းလျှောက်ထားရပါတယ်။

‘အခုထိုင်းနိုင်ငံထဲက CI စခန်း၅ခုမှာ အလုပ်သမားတွေတိုက်ရိုက်လုပ်လို့ရတဲ့အခြေအနေမရှိဘူး။လုပ်ရမယ့် လုပ်ငန်းတွေရှုပ်ထွေးတယ်။ဘာသာစကားအခက်အခဲတွေ၊သွားရလာရတဲ့အခက်အခဲတွေကြောင့် ပွဲစားတွေ ကိုပဲမှီခိုရတယ်။ဘတ်၅၀၀၀ပတ်ချာလည်လောက်ပေးနေရတယ်’လို့ သူကပြောပါတယ်။

CIထုတ်ပေးခွင့်တင်ဒါအောင်ထားတဲ့ကုမ္ပဏီဟာ CIစာအုပ်တွေကို အခမဲ့ထုတ်ပေးပါ့မယ်ဆိုတဲ့အချက်နဲ့ တင် ဒါအောင်ခဲ့တဲ့ စစ်အုပ်စုခန့်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ရဲ့ မယားညီအစ်ကို United K.M.K ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာခင်မောင်ကျော်ဆိုသူဖြစ်ပါတယ်။

‘CIလုပ်ငန်းကို နိုဝင်ဘာကတည်းကလုပ်ဖို့ကို ကိုဗစ်အခြေအနေနဲ့ မြန်မာဘက်က လာလုပ်ပေးမယ့်ဝန်ထမ်း တွေမစုံတာနဲ့ဆိုတော့ ဇန်နဝါရီ၁၀ရက်မှ စဖြစ်တယ်’လို့ သူကပြောပါတယ်။

CIထုတ်ပေးရေးစခန်းတွေကို ထိုင်းနိုင်ငံအတွင်းရှိ  စမွတ်စခွန်၊ စမွတ် ပရာကန်၊ ချင်းမိုင်၊ ချွန်ဘူရီနဲ့ ရနောင်း တို့မှာဖွင့်လှစ်ထားပြီး စခန်းတာဝန်ခံတွေက အကြမ်းဖက်စစ်တပ်ထွက်အရာရှိဟောင်းတွေလို့သိရပါတယ်။

လတ်တလောကာလထိုင်းနိုင်ငံအတွင်း ကိုဗစ်အခြေအနေအကန့်အသတ်တွေအရ CI လုပ်ဖို့ရာ CI စခန်းတွေရှိရာကို နယ်မြေဖြတ်ကျော်သွားရောက်ဖို့ဆိုတာ မြန်မာအလုပ်သမားတွေအတွက် စိန်ခေါ်မှုဖြစ် နေ တာကြောင့် ပွဲစားတွေကိုသာအားကိုးရသလိုဖြစ်နေတယ်လို့သိရပါတယ်။

‘သူတို့ချည်းပဲသွားဖို့က တော်တော်အခက်အခဲရှိတယ်။ဒါ့ကြောင့်မို့လို့ ပွဲစားတွေကိုပဲ အားကိုးရသလိုဖြစ်တယ်။ သွားဖို့ဆိုတာ နယ်မြေဖြတ်သန်းခွင့်တွေလုပ်ရမယ်။နယ်မြေဖြတ်ကျော်ခွင့်ကိုကိုယ့်လုပ်ငန်းရှင်နဲ့သွားရမှာ။ လုပ်ငန်းရှင်တိုင်းကလည်းကိုယ့်ကိုလိုက်ပို့ချင်မှလိုက်ပို့မယ်။’လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ ထိုင်းအစိုးရဟာ ကိုဗစ်အခြေအနေကြောင့်ရော ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားအခွင့် အရေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ် လွယ်ကူအောင် နိုင်ငံခြားရွှေ့ပြောင်းလုပ်သားတွေကိုအတတ် နိုင်ဆုံး တရားဝင်ဖြစ်အောင်လုပ်ပေးနေတယ်လို့သိရပါတယ်။

‘အခုCIက ပြီးခဲ့တဲ့နှစ်ကတည်းက သက်တမ်းကုန်သွားတဲ့ လူတွေကို သက်တမ်းတိုးခိုင်းတာ။သူတို့သက်တမ်း တိုးခိုင်းတဲ့ကာလအတွင်းမှာ ငွေကြေးကြောင့်ပဲဖြစ်ဖြစ် သွားရလာရလက်ခဲတာကြောင့်ဖြစ်ဖြစ်မလုပ်ဘူးဆိုရင်  တော့ အော်တိုမစ်တစ်တရားမဝင်အလုပ်သမားဖြစ်သွားမယ်’လို့ သူကဆိုပါတယ်။

CIသက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ကို ဇန်နဝါရီလ ၁၀ ရက်ကနေ ဇူလိုင်လအထိ လုပ်ဆောင်ပေးမယ်လို့သိရပါ တယ်။

နောက်ပိုင်းကာလတွေမှာ ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီးတာတွေ လုပ်လာမယ် လို့ခန့်မှန်းကြောင်းသူကဆိုပါတယ်။

CI ကတ် ထုတ်ပေးခွင့်ကို၂၀၂၁ခုနှစ်စက်တင်ဘာလောက်မှာ တင်ဒါအောင်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာခင်မောင်ကျော်ဟာ အကြမ်းဖက်တပ်ကထွက်လာတဲ့ အရာရှိဟောင်းတစ် ဦး ဖြစ်ပါတယ်။

NUGအလုပ်သမားဝန်ကြီးဌာနကလည်းထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ပိုမိုခက်ခဲကျပ်တည်းအောင် ‌ခေါင်းပုံဖြတ်ခွင့် ဖန်တီးပေးနေတဲ့အကြမ်း ဖက်စစ်အုပ်စု ရဲ့CIသက်တမ်းတိုးထုတ်ပေးခြင်း လုပ်ငန်းစဉ်နဲ့အဲဒီလုပ်ငန်းစဉ် အကောင်အထည်ဖေါ်မှုမှာပူးပေါင်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီနဲ့အေဂျင်စီတို့ကို ပြင်းထန်စွာ ရှုံ့ချကြောင်းဇန်နဝါရီ၂၃ရက်နေ့က ထုတ်ပြန်ထားပါတယ်။