ရန်ကုန်က မှောင်ခို တရုတ်ကာစီနိုရုံတစ်ခုကို စစ်အုပ်စုတွေ ဝင်စီး ဝန်ထမ်းတစ်ရာနီးပါးနဲ့ နိုင်ငံခြားသားအများအပြား ဖမ်းဆီးခံရ

၂၆၊ဇန်နဝါရီလ၊၂၀၂၂။

ရန်ကုန်က တရုတ် လူမျိုးတွေ လုပ်ကိုင်နေတဲ့ မှောင်ခို ကာစီနိုရုံတစ်ခုကို မနေ့က စစ်အုပ်စုတွေ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာမှာ နိုင်ငံခြားသား အများအပြားနဲ့ မြန်မာလူမျိုး ဝန်ထမ်းတစ်ရာနီးပါးဟာ လောင်းကစားငွေ သိန်းနှစ်ထောင်ကျော် နဲ့အတူ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

 ဇန်နဝါရီ ၂၅ရက် ညပိုင်းက စစ်အုပ်စု ရဲတပ်ဖွဲ့တွေဟာ လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းလမ်းမှာ ရှိတဲ့ ကာစီနိုရုံတစ်ခုကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး အဲ့ဒီ ကာစီနိုရုံကို တရုတ်လူမျိုးတွေက ဦးစီးလုပ်ကိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။


ဒီ ကာစီနိုရုံမှ မြန်မာလူမျိုး ဝန်ထမ်းတစ်ရာနီးပါးရှိ ပြီး တစ်ရက်လျှင် အလုပ်ချိန် ၁၀နာရီထက်မနည်း လုပ်ကိုင်နေရတဲ့ အသက် ၁၈နှစ် မပြည့်သေးတဲ့ လူငယ်တွေလည်း အလုပ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

 ကောင်လေးတွေက ခပ်ငယ်ငယ်လေးတွေ အများကြီးပဲ။ အလုပ်ရှားတော့ ဒီမှာက ငွေရလွယ်သလိုတော့ ဖြစ်တာပေါ့။လို့ ကာစီနိုရုံရဲ့ အနီးတစ်ဝိုက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 စစ်အုပ်စုရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းချိန်မှာ ဒီ ကာစီနိုရုံထဲ နိုင်ငံခြားသားတွေလည်း လာရောက်ဆော့ကစားနေတယ်လို့ သိရပြီး ဝန်ထမ်းတွေနဲ့ နိုင်ငံခြားသားတွေ၊ အခြားဆော့ကစားသူ စုစုပေါင်း လူ ၁၅၀ကျော်လောက်ဟာ လောင်းကစားငွေ သိန်းနှစ်ထောင်ကျော်နဲ့အတူ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

စစ်အုပ်စုတွေဟာ အာဏာသိမ်းကာလတွေအတွင်း နှစ်လုံး၊ သုံးလုံး လောင်းကစားတာတွေကို လိုင်းကြေးယူပြီး မသိကျိုးကျွံ့ပြု နေထိုင်နေတာဖြစ်ပြီး ဒီလိုဖမ်းဆီးခံရတာဟာ ရှားပါဖြစ်စဉ်တစ်ခုအဖြစ် ရန်ကုန်မြို့ခံတွေက ဆိုကြပါတယ်။