မျိုးကွဲသစ် အိုမီခရွန်ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်မှုအန္တရာယ်အမြင့်ဆုံး ကိုဗစ် မျိုးကွဲအဖြစ် WHO သတိပေးပြီ

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း WHO ဟာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အိုမီခရွန်ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်မှုအမြင့်ဆုံး ဖြစ်နိုင်ချေရှိတဲ့ မျိုးကွဲသစ်အဖြစ် သတိပေးလိုက်ပြီပဲဖြစ်ပါတယ်။

မျိုးကွဲသစ်ရဲ့ ရိုက်ခတ်မှုဟာ ဒေသတချို့မှာ ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်ဖို့ ရှိနေတာကြောင့် WHO က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

WHO ရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ တက်ဒရို့စ်ကတော့ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေးတွေ အမြန်ဆုံးရရှိအောင်ပြုလုပ်ပြီး ဆေးထိုးနှံမှု လုပ်ငန်းတွေကို တွန်းအားပေးပြုလုပ်ကြဖို့ ထပ်မံပြီး တိုက်တွန်းခဲ့ပါတယ်။

လက်ရှိတွေ့ရှိထားတဲ့ အိုမီခရွန်း မျိုးကွဲသစ်ဟာ တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့ပြီး တွေ့တွေ့ချင်း အသိပေးခဲ့တဲ့အတွက်လည်း WHO အကြီးအကဲ ချီးကျူးခဲ့ပါသေးတယ်။

အိုမီခရွန်း မျိုးကွဲသစ်မှာ အရင်က မမြင်ဖူး၊ မကြံဖူးခဲ့တဲ့ ဗီဇပြောင်းလဲမှုတွေ ရှိနေတာကြောင့် အန္တရာယ်အမြင့်မားဆုံး ရှိတဲ့ မျိုးကွဲသစ်တစ်ခုအဖြစ် WHO က သတ်မှတ်ခဲ့တာပါ။

လက်ရှိမှာတော့ အိုမီခရွန်းနဲ့ပတ်သက်လို့ ကူးစက်မှုနိုင်မှုအချက်အလက်တွေအပြင် ပြန်လည်ကူးစက်နိုင်ခြေတွေနဲ့ ကာကွယ်ဆေးသက်ရောက်နိုင်မှုတွေကိုပါ ကမ္ဘာတစ်ဝှမ်းက သိပ္ပံပညာရှင်တွေနဲ့ WHO က ပူးပေါင်း အဖြေရှာနေပါပြီ။

ကမ္ဘာ့နိုင်ငံတချို့ကလည်း အိုမီခရွန်စတင်တွေ့ရှိတဲ့ သတင်းထွက်လာချင်းမှာပဲ နိုင်ငံရဲ့ ခရီးသွားလာခွင့်တွေကို ရပ်ဆိုင်းထားကြပါတယ်။

စင်ကာပူနိုင်ငံမှာလည်း အိုမီခရွန်ကူးစက်ထားတဲ့ ခရီးသည်နှစ်ဦး ချန်ဂီလေဆိပ်ကနေ ဖြတ်သန်းသွားတယ်ဆိုတဲ့ အချက်အလက်တွေ တွေ့ရှိခဲ့လို့ သူတို့နဲ့ ဆက်စပ်မှုရှိနိုင်တဲ့ လေဆိပ်ဝန်ထမ်းတွေကို အသေအချာ ခြေရာကောက် စစ်ဆေးမှုတွေ ပြုလုပ်နေပြီပဲဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒမ်ကတော့ အိုမီခရွန်ကို စိုးရိမ်ထိတ်လန့်စရာအဖြစ် မှတ်ချက်မပေးခဲ့သလို Lock Down အစီအစဉ်တွေကို ပြန်လည် ချမှတ်သွားမှာ မဟုတ်ဘူးသေးဘူးလို့ အသိပေးထားပါတယ်။ ဒါပေမဲ့ ဆေးထိုးတာတွေနဲ့ MasK တပ်ပြီး ဖြတ်သန်းကြဖို့ကိုတော့ အဓိက ပြောဆိုခဲ့ပါတယ်။