အိုမီခရွန်မျိုးကွဲအတွက် ကမ္ဘာ့ပြည်သူတွေ အစိုးရိမ်မလွန်ဖို့ WHO တိုက်တွန်း

၄၊ဒီဇင်ဘာလ၊ ၂၀၂၁။

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်နဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံတွေဟာ စိုးရိမ်တကြီးဖြစ်ပေါ်နေတဲ့နောက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က အစိုးရိမ် မလွန်ကြဖို့ အသိပေးတိုက်တွန်းလိုက်ပါတယ်။ 

လက်ရှိမှာ အိုမီခရွန်မျိုးကွဲသစ်ကို အာရှ၊ အာဖရိက၊ အမေရိက၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပ နိုင်ငံ ၃၈ နိုင်ငံထက်မနည်း တွေ့ရှိနေပြီဖြစ်လို့ နိုင်ငံအများစုဟာ ကာကွယ်ရေး အစီအမံတွေ ပြုလုပ်နေကြပါတယ်။

အိုမီခရွန်ဟာ တောင်အာဖရိက ကနေ စတင်တွေ့ရှိခဲ့ပေမယ့် အခုလက်ရှိအချိန်ထိ မျိုးကွဲသစ်ကြောင့် သေဆုံးသူ မရှိသေးပါဘူး။

ကူးစက်မှု မြင့်မားနိုင်တဲ့ မျိုးကွဲသစ်တစ်ခုအဖြစ် အသိပေးထားတာတွေရှိပေမယ့် လက်ရှိ WHO က ခွင့်ပြုထားတဲ့ ကာကွယ်ဆေးတွေနဲ့ ထိရောက်မှု ရှိ၊ မရှိကိုတော့ အထောက်အထား ခိုင်ခိုင်လုံလုံ ရှာမတွေ့သေးပဲ ရှိနေပါတယ်။

အိုမီခရွန်နဲ့ ပတ်သက်လို့ စိုးရိမ်ထိတ်လန့်တာတွေကို လျှော့ချပြီး ကာကွယ်ရေး အစီအမံတွေကိုသာ အဓိက ပြုလုပ်ဖို့ WHO က တိုက်တွန်းခဲ့တာပါ။ 

“ ကျွန်တော်တို့မှာ ထိရောက်တဲ့ ကာကွယ်ဆေးတွေ ရှိနေပါတယ်။ ဒါတွေကို မျှမျှတတနဲ့ ဖြန့်ဝေနိုင်ဖို့ကသာ အရေးအကြီးဆုံးပါ။ ကာကွယ်ဆေးထိုးနှံတဲ့ အစီအစဉ်တွေလည်း လုပ်ဖို့ လိုပါတယ်”လို့ WHO ရဲ့ အရေးပေါ် ကျန်းမာရေးအစီအစဉ်၊ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မိုက်ကယ်ရိုင်ယန်က ပြောပါတယ်။

လက်ရှိ ဥရောပမှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူ ၇၅ သန်းကျော်လွန်သွားပြီဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ကူးဗစ်ကူးစက်သူဦးရေဟာ ၂၆၅ သန်းကျော် ရှိနေပြီပဲဖြစ်ပါတယ်။