မြန်မာနဲ့ နယ်စပ်တလျှောက် စည်းရိုးကာဖို့ ဒေါ်လာ လေးဘီလီယံနီးပါး အသုံးပြုမယ့် အိန္ဒိယ

မတ်၊ ၂၈

မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက် စည်းရိုးကာကွယ်ဖို့အတွက် အိန္ဒိယဟာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံနီးပါး သုံးစွဲဖို့ လျာထားကြောင်း သိရပါတယ်။

အိန္ဒိယ အစိုးရဟာ နယ်စပ်စည်းရိုး ကာရံမယ့် အစီအမံကို ဇန်နဝါရီလထဲမှာ ကြေညာခဲ့ပြီး အဲဒီနောက် ထပ်မြန်မြန် အကောင်အထည် ဖော်နေတဲ့ သဘောပါပဲ။ အခုဆိုရင် သက်ဆိုင်ရာ အစိုးရ ကော်မတီ တရပ်ကပါ စည်းရိုးဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျတ်ကို အတည်ပြုပေးလိုက်ပါပြီ။

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ အစိုးရဟာ စစ်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ မြန်မာ စစ်ရှောင်တွေကို ဟန့်တားဖို့ အပါအဝင် တရားမဝင် နယ်စပ်လှုပ်ရှားမှုတွေကို တုံ့ပြန် ကိုင်တွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၆၁၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် စည်းရိုးတည်ဆောက်ဖို့ ပြင်ဆင်နေတာပါ။

ဒေါ်လာ ၃.၇ ဘီလီယံကျော် အကုန်အကျခံ တည်ဆောက်ဖို့ လျာထားတဲ့ အဲဒီစည်းရိုးကိစ္စ အမှန်တကယ် ရုပ်လုံးပေါ်လာရင် အိန္ဒိယနဲ့ မြန်မာကြားက လွတ်လွတ်လပ်လပ် နယ်စပ်ဖြတ်ကျော် သွားလာခွင့်တွေ လုံးဝ ဆုံးခန်းတိုင်သွားမယ့် သဘောပါပဲ။

အိန္ဒိယ-မြန်မာ နယ်စပ်က နှစ်ဖက် ဒေသခံတွေဟာ မျိုးနွယ်စုချင်း ဆက်စပ်မှုတွေ ရှိနေပြီး ယေဘုယျအားဖြင့် ဆက်ဆံရေး သင့်တင့် ကောင်းမွန်ကြပါတယ်။ ဒါပေမဲ့လည်း ဒေလီမှာရှိတဲ့ ဗဟိုအစိုးရကတော့ မြန်မာဖက်က ပဋိပက္ခတွေကြောင့် နောက်ထပ် စစ်ရှောင်တွေ အလုံးအရင်း ထပ်မံ ခိုလှုံ ဝင်ရောက်လာမယ်ဆိုရင် နယ်စပ်တွေမှာ မျိုးနွယ်စု ဟန်ချက်မတည်ငြိမ်တာတွေနဲ့ တခြား ပြဿနာတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေပါတယ်။

အထူးသဖြင့် အိန္ဒိယ အရှေ့မြောက်ပိုင်းက လူမျိုးရေး ပြဿနာတွေ ရှိရင်းစွဲ ကြုံတွေ့နေတဲ့ ပြည်နယ်တွေမှာ ပြဿနာတွေ ပိုရှုပ်ထွေးလာမှာကို အိန္ဒိယ မလိုလားပါဘူး။ ဥပမာ အနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက မဏိပူရ ပြည်နယ်ထဲမှာ ကူညီနဲ့ မိုင်ထိုင် မျိုးနွယ်စုတွေကြား လူမျိုးရေး အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

အိန္ဒိယ အစိုးရဟာ မြန်မာနဲ့ နယ်စပ်တလျှောက် စည်းရိုးကာရံမယ့် စီမံကိန်းရဲ့ အစိတ်အပိုင်း တခုအဖြစ် နယ်စပ်တလျှောက်မှာ ရှိနေတဲ့ စစ်စခန်းတွေကြား လမ်းတွေ သွယ်တန်း ဖောက်လုပ်ဖို့လည်း စီစဉ်နေတယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နယ်စပ်ဒေသမှာ မြေပြင်အနေအထားက တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေ ပေါများပြီး စိန်ခေါ်မှု များပြားတဲ့ အခြေအနေတွေကြောင့် လမ်းတွေနဲ့ စည်းရိုးတွေ တည်ဆောက်မယ့် ကိစ္စမှာ ခေတ်မီ နည်းပညာတွေ လိုအပ်သလို တံတားနဲ့ စည်းရိုး ၁ ကီလိုမီတာ ဆောက်လုပ်မှုတိုင်းအတွက် ကုန်ကျစရိတ် ဒေါ်လာ ၁ သန်းခွဲလောက်ထိ များပြားနိုင်တယ်လို့ အဲဒီ စီမံကိန်းနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ တဦးက ပြောကြားထားပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်တလျှောက် စည်းရိုးတခု တည်ဆောက်ခဲ့ရာမှာ တကီလိုမီတာ ပျမ်းမျှ ကုန်ကျစရိတ်က အဲဒီ ပမာဏရဲ့ ထက်ဝက်တောင် မရှိခဲ့ဘူးလို့ သိရပါတယ်။

 

Ref: PIME