KNU တပ်မဟာ ၅ နယ်မြေကို စစ်အုပ်စုက လေယာဉ်တွေနဲ့ အကြိမ်ကြိမ်ထောက်လှမ်းနေ

၂၅ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ကရင်အမျိုးသားအစည်းအရုံ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မူတြော်ခရိုင် လူသောမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၂၅ရက်နေ့ တစ်ရက်ထဲမှာ စစ်သုံးလေယာဉ်တွေနဲ့ ၃ကြိမ်တိုင် လာရောက်ထောက်လှမ်းနေတယ်လို့ မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက စစ်သုံးဂျက်လေယာဉ် အသုံးပြုပြီး လူသောမြို့နယ်အတွင်းက ပေးကေးဒဲ ကျေးရွာအုပ်စု၊ ဘောသေထာ ကျေးရွာအုပ်စု၊ ထီးကောဒဲ ကျေးရွာအုပ်စုနဲ့ တေမူဒဲ ကျေးရွာအုပ်စုတွေအပေါ်သို့ မနက် ၈ နာရီခွဲမှာ တစ်ကြိမ်၊ ၁၀ နာရီ ခန့်မှာတစ်ကြိမ်နဲ့ ၁၁ နာရီ ကျော်မှာ တစ်ကြိမ် လေယာဉ်နဲ့ လာရောက် စုံစမ်းမှုလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တပ်မဟာ- ၅၊ ပြောခွင့်ရ ဒုတိယဗိုလ်မှူး ကြီးစောကလယ်ဒိုက “ စစ်တပ်က ဂျက်လေယာဉ်နဲ့ လာရောက်စုံစမ်း ထောက်လှမ်းတယ်။ ၂ ရက်၃ ရက် ဆက်တိုက် လာတယ်။ ဟိုတစ်နေ့တုန်းက နေ့ပိုင်းမလာဘူး။ ညပိုင်းမှာ ဒရုန်းနဲ့ ပြန်လာစုံစမ်း တာမျိုးရှိတယ်။

 

ပြီးတော့ မြေပြင်မှာလည်း တပ်အင်အားတိုးချဲ့တာရှိတယ်။ မြေပြင်မှာရှိတဲ့ သူတို့ လူတွေကို ရိက္ခာ လာပို့တယ်လို့ သိထားတယ်။ ဒါပေမယ့် အခုကနွေရာသီရောက်တော့မယ်ဆိုတော့ သူတို့လာပြီး ကြိုတင်ပြင်ဆင်ထားတာလားတော့ သေချာမသိသေးဘူး”လို့ KIC သတင်းဌာနကို ဖြေကြားထားပါတယ်။

အခုလို စစ်ရေးတင်းမာမှုတွေဟာ စစ်အုပ်စုက အာဏာတည်မြဲရေးအတွက် အင်အားတွေ တိုးချဲ့ပြီး စစ်ရေး လှုပ်ရှာမှုတွေ လုပ်ဆောင်နေတဲ့ သဘောမျိုးဖြစ်နိုင်တယ်လို့ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ဆိုပါတယ်။

KNUထိန်းချုပ်နယ်မြေ တပ်မဟာ-၅ နJU တပ်မဟာ -၃ ထိန်းချုပ်နယ်မြေတွေကို အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ဂျက်လေယာဉ်တွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ဒေသခံပြည်သူအချို့ သေဆုံးမှုတွေ ရှိခဲ့ပြီး ပြည်သူ ခုနှစ်သောင်းကျော် စစ်ဘေးကနေ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။