မြန်မာစစ်တပ်ကို လေကြောင်းကာကွယ်ရေးဒုံးစနစ် ပေးမယ့် ရုရှား

၂၆၊ ဩဂုတ်လ၊ ၂၀၂၁။

ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ဖြစ်တဲ့ ပန်ဆီယာဒုံးစနစ်ကို မြန်မာအာဏာသိမ်းစစ်တပ်က လက်ခံရရှိမယ်လို့ သိရပါတယ်။

ရုရှားဗဟိုအစိုးရ စစ်တပ်ဆိုင်ရာ နည်းပညာ အကြီးအကဲ Dmitry Shugayev ရဲ့ ဩဂုတ်လ ၂၅ရက်နေ့က ပြောကြားချက်ကို ကိုးကားပြီး ရုရှားမီဒီယာတွေက ဖော်ပြကြတာပါ။

ထရပ်ကားပေါ် ပစ်စင်တွေ တင်ထားပြီး ရွေ့ပြောင်းနေရာချနိုင်တဲ့ ပန်ဆီယာ ဒုံးစနစ်ဟာ လေယာဥ်တွေ၊ ဒရုံးတွေကို ပစ်ချနိုင်တဲ့ မြေပြင်ကနေ ဝေဟင် တာလတ်ပစ် ဒုံးကျည်စနစ် ဖြစ်သလို၊ ရန်သူရဲ့ ခရုဇ်မစ်ဆိုင်း ဒုံးကျည်တွေကိုလည်း တန်ပြန် ပစ်ချနိုင်တဲ့ ဒုံးခွင်းဒုံး စနစ် ဖြစ်ပါတယ်။

 

မြန်မာစစ်တပ်ဟာ ရုရှားဆီက ပန်ဆီယာစနစ်ကို ဝယ်ယူဖို့ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှု မတိုင်ခင် အခုနှစ်ဇန်နဝါရီလကတည်းက သဘောတူခဲ့တာလို့ သိရပါတယ်။

ရုရှားအစိုးရဟာ မြန်မာနဲ့ နှစ်နိုင်ငံ အပြန်အလှန် ခရီးစဉ်တွေသွားရောက်တာနဲ့ လက်နက် အရောင်း အဝယ်တွေ လုပ်ပြီး မြန်မာအာဏာသိမ်းစစ်တပ်ကို အသိအမှတ်ပြုလက်ခံနေတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲထားပါတယ်။

ဒါပေမယ့် ရုရှားကလည်း မြန်မာအာဏာသိမ်း စစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုတွေ တိုးမြှင့်ခိုင်မာ စေမယ်ဆိုပြီး အကြိမ်ကြိမ် ပြောဆိုခဲ့တဲ့အပြင် ရောင်းချထားတဲ့ လက်နက်တွေကိုလည်း စာချုပ်ပါ ကတိကဝတ်တွေ အတိုင်း မဖြစ်မနေ ပို့ဆောင်ပေးမယ်လို့ ပြောလာတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံထဲ လက်နက်တွေ မစီးဆင်းရေးအတွက် နိုင်ငံတကာ ပိတ်ပင်မှုတွေ လုပ်ကြဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက် ချမှတ်ထားပါတယ်။