စစ်အုပ်စုကို သတင်းမပေးဖို့နဲ့ မပူးပေါင်းဖို့ CDF အဖွဲ့တချို့ သတိ​ပေး

၄ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

စစ်အုပ်စုသတင်းပေးမလုပ်ဖို့နဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းသူတွေကို တိုက်ခိုက်မယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)အဖွဲ့အချို့ ထုတ်ပြန်ခဲ့ပါတယ်။

မတူပီမြို့နယ် CDF ရဲ့ ဩဂုတ် ၃ရက် ထုတ်ပြန်ချက်မှာ စစ်အုပ်စုသတင်းပေးမလုပ်ဖို့ ဧည့်ခံကျွေးမွေးတာ ထောက်ပံ့ပူးပေါင်းတာတွေမလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ မင်းတပ်-မတူပီ လမ်းမ တောင်ကြော ဆီကို ဟင်းသီးဟင်းရွက်ရှာဖွေတာ၊ အမဲလိုက်တာတွေ လုံး၀မပြုလုပ်ဖို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မတူပီ မြို့နယ်အတွင်း လာရောက်အလုပ်လုပ်ကိုင် သူတွေနဲ့ စီးပွားရှာသူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့

ပတ်သက်မှု တွေ့ရှိရင် ပြင်းထန်စွာအရေးယူမယ်လို့လည်း မတူပီ CDFက ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နယ် ဇိုဖေဒေသအခြေစိုက် ဇိုဖေ CDF ကလည်း သူတို့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေကို ချေမှုန်းတိုက်ခိုက်တာသာမက အကြမ်းဖက်စစ်အုပ်စုရဲ့ ရုပ်သေးအိမ်စောင့်အစိုးရနာမည်ခံ ပုဂ္ဂိုလ်တွေ၊ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်သူတွေ၊ သတင်းပေး ဒလန်တွေကို ပြင်းထန်စွာ တိုက်ထုတ်သွားမယ်လို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ဇိုဖေ CDF ဟာ နိုင်ငံရေးအရ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့လမ်းညွှန်မှုကို ခံယူပြီးတော့ CNA ၊ CDF၊ အမျိုသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့တွေ၊ တိုင်းရင်းသားညီနောင်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဇိုဖေ CDFဟာ ဧပြီ ၁၆ရက်မှာ စတင်လှုပ်ရှားဖွဲ့စည်းခဲ့ပြီး အကြမ်းဖက်စစ်အာဏာရှင်ဖြုတ်ချရေး၊

ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အခြား CDF တပ်ဖွဲ့တွေနဲ့အတူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

CDFတွေကို ချင်းပြည်နယ်ရှိ မြို့နယ်အလိုက် ဖွဲ့စည်းထားတာဖြစ်ပြီးတော့ မင်းတပ်၊ ဟာခါး၊ မတူပီ၊ ကန်ပက်လက်စတဲ့ CDF တွေနဲ့ စစ်အုပ်စုတပ်တွေ အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

လတ်တလောမှာ မင်းတပ်မြို့နယ်နဲ့အနီးတစ်၀ိုက် ဆက်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်အုပ်စုတပ်က ဒုဗိုလ်မှူးကြီးအဆင့်ရှိတဲ့ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်အများအပြားသေဆုံး ဒဏ်ရာရခဲ့ပါတယ်။